ဖမ်းဆီးခံထားရသည့် လူထုဇော်ဝင်းအမှုတွင် တရားလိုဘက်က ရုံးချိန်းဆက်တိုက်ပျက်ကွက်နေ

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအမှုတွင် တရားလိုဖက်မှ မရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ (၇)ကြိမ်အထိရှိလာသည်ဟု သိရသည်။

By Khin Tharaphy Oo 25 Nov 2022

ဖမ်းဆီးခံထားရသည့် လူထုဇော်ဝင်းအမှုတွင် တရားလိုဘက်က ရုံးချိန်းဆက်တိုက်ပျက်ကွက်နေ

DMG | နိုဝင်ဘာ ၂၅

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအမှုတွင် တရားလိုဖက်မှ မရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ (၇)ကြိမ်အထိရှိလာသည်ဟု သိရသည်။

အမှုနှင့်ပတ်သက်၍ ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ သော်လည်း တရားလိုပြသက်သေများမရောက်ရှိသည့်အတွက် လာမည့် ဒီဇင်ဘာလ ၅ရက်နေ့ကို ထပ်မံရုံးချိန်း လိုက်ရသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကပြောသည်။

“ မနေ့က လိုပြသက်သေမရောက်လို့ ဘာမှစစ်ဆေးခဲ့ရတာမရှိဘူး။လာမယ့် လ ၅ ရက်နေ့ကိုရုံးချိန်းထားတယ်။ လက်ရှိကိုဇော်ဝင်းအမှုမှာက တရားလိုဘက်က သက်သေပြဖို့အတွက် ရှာဖွေသက်သေနှစ်ယောက်နဲ့ အမှုစစ် ရဲအရာရှိ တစ်ယောက်စစ်ဆေးဖို့ကျန်သေးတယ်” ဟု သူက ပြောသည်။

ထိုသို့တရားလိုဖက်မှ ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေမှုကြောင့် တရားစွဲဆိုခံထားရသူအတွက် အချိန်ကြန့် ကြာသလို နစ်နာမှုများရှိကြောင်း အဆိုပါရှေ့နေက ဆိုသည်။

ကိုဇော်ဝင်းအမှုနှင့်ပတ်သက်၍ တရားရုံးတွင် သုံးကြိမ်ခန့်ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း သြဂုတ်လ မှစတင်ကာ တရားလိုဖက်မှပျက်ကွက်မှုများရှိလာသဖြင့် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေရသည်ဟု မိသားစု ဝင်များထံမှသိရသည်။

ယင်းသို့ တရားလိုဖက်မှစစ်ဆေးရန်ရောက်မလာခြင်းကြောင့် တရားစွဲဆိုခံရသူအတွက်နစ်နာမှုများ ရှိသည့် အတွက် အမှုနှင့်ပတ်သက်၍ အမြန်ဆုံးစစ်ဆေးပေးရန် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံကတောင်း ဆိုသည်။

“ အမှုကို အမြန်ဆုံးစစ်ဆေးစေချင်တယ်။အခုကရုံးချိန်းပြီး အမှုမစစ်ဆေးရတာလည်းမနည်းကြာနေပြီ။ အချိန်လည်း ကြန့်ကြာတယ်။ကိုဇော်ဝင်းအတွက်လည်းနစ်နာတယ်။အခုကကုန်ဈေးနှုန်းတွေတက်နေတာမှာ စီးပွားရေးအကျပ်အတည်းတွေနဲ့အကုန်လုံးခက်ခဲနေတယ်။သူလည်း အချုပ်ခန်းထဲမှာ ကျပ်ကျပ်တည်းတည်း နေရတယ်။သူ့ကို အပြစ်ရှိရင်လည်းပြစ်ဒဏ်ချစေချင်တယ်။အပြစ်မရှိရင် အမြန်ဆုံးလွှတ်ပေး စေချင်တယ်။ ဒီလိုအချိန်ဆွဲထားတာက ပိုပြီးစိတ်ထိခိုက်ရတယ် ” ဟု သူကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကနေ့က ကျောက်တော်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်ဒေသခံအများအပြားကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ယင်းအထဲမှ တစ်ချို့ကို လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းအပါအဝင် ကျောက်တော် ဒေသခံနှစ်ဦးမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့သည်။

လက်ရှိ တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်းသည် စစ်ဘေးရှောင်အရေး၊လူမှုကယ်ဆယ်ရေးစသည့် လူမှုရေး၊ နိုင်ငံရေးကဏ္ဍတို့ကို တက်ကြွစွာလုပ်ဆောင်နေသူဖြစ်သည်။