လွိုင်ကော်မြို့အနီး စစ်ရေးတင်းမာနေ၍ ဒေသခံများစိုးရိမ်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့အနီးတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင် မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာနေ၍ ဒေသခံများစိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

19 Mar 2022

Photo Cerdit - KNDF B-09

DMG ၊ မတ် ၁၉

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့အနီးတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင် မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာနေ၍ ဒေသခံများစိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

ယနေ့(မတ်လ ၁၉ ရက်)နံနက်အစောပိုင်းက လွိုင်ကော်မြို့အနီးအနားသို့ မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရေးတင်းမာလျက်ရှိသည်ဟု KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြားသည်။

ထို့ကြောင့် လွိုင်ကော်-ဖယ်ခုံနှင့် လွိုင်ကော်-ဆီဆိုင်လမ်းမကို ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ထုတ်ပြန်ထားကြောင်းလည်း ၎င်းကပြောသည်။

"စစ်ကောင်စီတပ်က ဒီနေ့မနက်အစောကြီးပဲ လက်နက်ကြီးတွေနဲ့ တရစပ်ကိုပစ်ခတ်နေတယ်။ အခုညနေပိုင်းကတော့ ငြိမ်သွားတယ်ပေါ့နော်။ အဲလိုပစ်ခတ်မှုတွေရှိတဲ့အတွက် စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုပိုဆိုးပြီးတော့ တိုက်ပွဲပြင်းထန်လာနိုင်တယ်။ အဲဒါကြောင့်လည်း လွိုင်ကော်-ဖယ်ခုံ-ဆီဆိုင်လမ်းမကို ပြည်သူတွေကိုမဖြတ်သန်းဖို့အသိပေးစာထုတ်ပြန်ထားပါတယ်"ဟု ဆိုသည်။

ယင်းအခြေအနေကြောင့် လွိုင်ကော်မြို့နေဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြသည်ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။ လက်ရှိမှာ အသွားအလာကန့်သတ်ထား၍ ဒေသခံများကိုကယ်ထုတ်ရန် အခက်အခဲရှိကြောင်းလည်း ၎င်းကပြောသည်။

"အခုလို အသွားအလာကန့်သတ်ခံထားရတဲ့အတွက် ဒေသခံတွေကိုကယ်ထုတ်ဖို့က အခက်အခဲတွေတော့ရှိတယ်။ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်ဆိုတော့ ရတဲ့နည်းလမ်းတွေနဲ့ပဲ ကယ်ထုတ်ရတော့မှာပေါ့။ အခုအထိဒေသခံအချို့ လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတာရှိနေတုန်းပါပဲ"ဟု ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ် ဒေသတစ်ခုလုံးတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခများကြောင့် ဒေသခံနှစ်သိန်းကျော်ခန့်မှာ ဘေးလွတ်ရာတောတောင်နှင့် ရှမ်းပြည်နယ်အထိ စစ်ဘေးရှောင်တိမ်းနေကြရသည်။