ရခိုင်တွင် NGO၊ INGO များ ခရီးသွားခွင့်ကို ကန့်သတ်

ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို ရခိုင်မြောက်ပိုင်း မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွာခွင့်ကို လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ထားသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

18 Jul 2022

DMG ၊ ဇူလိုင် ၁၈

ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို ရခိုင်မြောက်ပိုင်း မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွာခွင့်ကို လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ထားသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

NGO၊ INGO ဝန်ထမ်းများ ခရီးသွားမည်ဆိုလျှင် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်ပြီး လက်ရှိတွင် ဒေသလုံခြုံရေးအတွက် ကန့်သတ်ထားခြင်းဖြစ်ကြောင်း ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ပြောသည်။

“ဒီ NGO၊ INGO အဖွဲ့အစည်းတွေရဲ့ သွားရေး၊ လာရေးနဲ့ပတ်သက်ပြီးတော့ သွားလို့ရတဲ့နေရာ၊ သွားလို့မရတဲ့နေရာတွေပေါ့နော်။ ဒါတွေကို သူတို့သွားရေးလာရေးနဲ့ပတ်သက်ပြီးတော့ နယ်လုံကို စာတင်ရတယ်။ လက်ရှိ လုံခြုံရေးအနေအထားအရ ဘယ်နေရာထိ ခွင့်ပြုတယ်။ ဘယ်နေရာထိ ခွင့်မပြုဆိုပြီးတော့ သတ်မှတ်ထားတာရှိတယ်။ အသေးစိတ်ကိုတော့ နယ်လုံပဲသိမယ်”ဟု ဦးလှသိန်းကပြောသည်။

ဆက်လက်ပြီး ဦးလှသိန်းက “ကျနော်တို့ သိထားတာကတော့ ဒီကိစ္စကို (Unicef)ယူနီဆက်အဖွဲ့သွားမလား၊ UNOCHA တွေက သွားမလား၊ WFP က သွားမလား။ သွားဖို့ခရီးစဉ်တွေကို စာတင်ရတယ်။ သွားမယ့်ခရီးစဉ်တွေကို လုံခြုံရေးအရ တာဝန်ယူနိုင်တဲ့နေရာဆိုရင် ဘယ်အထိသွားလို့ရတယ်။ ခွင့်ပြုတယ်။ သူတို့(နယ်လုံ)က ခွင့်မပြုရင်တော့ တာဝန်မယူဆိုတဲ့သဘော”ဟု ဆိုသည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ နိုင်ငံတကာအဖွဲ့အစည်းနှင့် ဒေသတွင်းအဖွဲ့အစည်းများ လုံခြုံရေးအရ တခုခုဖြစ်သွားလျှင် အစိုးရက တာဝန်ယူမည်ဖြစ်ပြီး လက်ရှိတွင် မည်သည့်နေရာ၊ မည်သည့်မြို့နယ်များကို ပိတ်ထားသည်ကို နယ်လုံဝန်ကြီးကိုသာ အသေးစိတ်မေးမြန်ရန် ဦးလှသိန်းကဆိုသည်။

ယင်းကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ထိုသို့ ရခိုင်ဒေသအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းကူညီစာနာထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ခရီးသွားလာခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ကစ၍ ယာယီကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသည့် MRCS (မြန်မာနိုင်ငံ ကြက်ခြေနီအသင်း) ဝန်ထမ်းတစ်ဦးက “မောင်တောမြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေ မကောင်းဘူးဆိုပြီးတော့ နယ်လုံကနေခွင့်မပြုဘူး။ဒါကြောင့် ဒီနေ့သွားမယ့် (ကျနော်တို့)ခရီးစဉ်တွေကိုလည်း ဖျက်လိုက်ရတယ်။ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

၂၀၁၇ မောင်တောဒေသပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများကို WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)က စားနပ်ရိက္ခာ ထောက်ပံ့နေခြင်းဖြစ်သဖြင့် ၎င်းတို့အဖွဲ့အစည်းများအား ထိုသို့ခရီးသွားလာခွင့်ကို ပိတ်ပင်ထားပါက ဒေသခံများမှာ စားဝတ်နေရေးများအခက်အခဲရှိနိုင်ကြောင်း မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာကို WFP က တစ်လမှာတစ်ကြိမ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတာရှိတယ်။ အဓိကတော့ ဆန်၊ ဆီ၊ ပဲတွေ ထောက်ပံ့တာပါ။ အခုလို ခရီးသွားလာခွင့်တွေကို ရပ်တန့်လိုက်တယ်ဆိုတော့ စားဝတ်နေရေးတွေ အခက်အခဲရှိလာနိုင်တယ်။ အခုက အလုပ်အကိုင်တွေကလည်း ရှားပါးတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့မှာ အပစ်အခတ်ရပ်နားထားသည်ဆိုသော်လည်း နှစ်ဘက်တပ်များမှာ ကြိုကြားထိတိုက်တွေ့မှုရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိနေသည်။

အလားတူ ပြီးခဲ့သည့်ဇွန်လကလည်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်နှင့်ဆက်နွယ်သူ ၁၄ ဦးထက်မနည်းကို AA ဖမ်းဆီးခဲ့ပြီး မြန်မာစစ်ဘက်ကလည်း ဒေသခံ ၅၀ ထက်မနည်းကို ဖမ်းဆီးခဲ့မှုကြောင် နှစ်ဖက်စစ်ရေးတင်းမာမှုတို့ ရှိလာနေသည်။