စစ်တွေမြို့ပေါ် ဘုန်းကြီးကျောင်းများရှိ အရပ်သား ၉ ဦးကို စစ်တပ်ကဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ဝင်ရောက်လာကာ ကျောင်းတွင်နေထိုင်နေသည့် အရပ်သား ၉ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

By Admin 12 Nov 2022

စစ်တွေမြို့ပေါ် ဘုန်းကြီးကျောင်းများရှိ အရပ်သား ၉ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့သည့် အာသောကရာမကျောင်းတိုက်နှင့် ဂန္ဓာရုံ ပရိယတ္တိစာသင်တိုက်တို့ကို တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ဝင်ရောက်လာကာ ကျောင်းတွင်နေထိုင်နေသည့် အရပ်သား ၉ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အာသောကရာမကျောင်းတိုက်တွင် နေထိုင်နေသည့် သုံးဘီးမောင်းသူ ဦးစိုးဝင်း၊ ဘေးတွဲမောင်းနှင်သူ ဦးထွန်းစိန်မောင်၊ ကိုမောင်လှထွန်းတို့ကို ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် ဂန္ဓာရုံဘုန်းကြီးကျောင်းမှ တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် မောင်ဆိုင်အောင်ခင်၊ မောင်စိုးမင်း၊ မောင်အောင်လင်းစိုး၊ မောင်ဇော်လှိုင်ဦး၊ မောင်အောင်ငြိမ်းနှင့် ဝပ်ရှော့လုပ်ကိုင်နေသူ မောင်ကံစိုးတို့ကိုလည်း ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီအချိန်ခန့်က အာသောကရာမကျောင်းအတွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက် ကျောင်းအတွင်းနေထိုင်သည့် အရပ်သားများကို အမျိုးသား၊ အမျိုးသမီခွဲကာ ထိုင်ခိုင်းပြီး လူတစ်ယောက်အကြောင်းကို မေးမြန်းကာ ထိုလူသုံးယောက်ကို ဖမ်းဆီးသွားခြင်းဟု ဦးစိုးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“၈ နာရီလောက်က အသားဖြူဖြူနဲ့ အသက် ၃၀ အရွယ် လူတစ်ယောက် ဒီနားက ဖြတ်သွားတယ်ပေါ့။ အဲ့လူကို မြင်လိုက်လား၊ သိလားဆိုပြီး မေးတယ်။ ကျွန်တော်တို့လည်း မသိပါဘူး။ မမြင်လိုက်ပါပြောပါတယ်။ ပြီးရင် ခဏနေတာနဲ့ ကျောင်းကဘေးတွဲမောင်းတဲ့သူတွေကို ဘေးတွဲနားကိုခေါ်ပြီး တခါတည်းတန်းခေါ်သွားတာပါပဲ"ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရသည့် အရပ်သားများနှင့်ပတ်သက်ကာ သတင်းအချက်အလက်များကို မသိရှိရသေးကြောင်း၊ အမြန်ဆုံး အဆက်အသွယ်ရလိုကြောင်း အဆိုပါမိသားစုဝင်က ဆက်ပြောသည်။

“သူတို့နဲ့ပါသွားတဲ့ ဖုန်းကိုလည်း ကြောက်လို့ မခေါ်ရဲပါဘူး။ သွားပြီးလည်း မစုံစမ်းရဲဘူး။ သူတို့က သုံးဘီးနဲ့ ဘေးတွဲမောင်းပြီး ရိုးသားစွာလုပ်နေကြတဲ့ လူတွေပါ။ အိမ်ကို အမြန်ဆုံးပြန်ရောက်စေချင်ပါပြီ။ အမေဆိုရင် အဖေနဲ့ သူ့မောင်လေးပါသွားလို့ ငုတ်တုတ်ထိုင်နေတာ"ဟု သူကပြောသည်။

ထိုကျောင်းအနီးရှိ ဂန္ဓာရုံဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ လူတစ်ဦးကို ရှာဖွေကြကြောင်း၊ ခဏအကြာတွင် ဘုန်းကြီးကျောင်း အောက်ထပ်ဆောင်တွင် အိပ်နေကြသည့် ကျောင်းသားများကို စစ်ဆေးရန်ခေါ်ယူသွားကြောင်း အဆိုပါကျောင်းမှ အရပ်သားတစ်ဦးက ပြောသည်။

“ကျောင်းသား ၅ ယောက်နဲ့ ဝပ်ရှော့သင်ပြီးလုပ်နေတဲ့ လူတစ်ယောက်။ သူတို့ ၆ ယောက်ကို မှောက်ခိုင်းထားတယ်။ မနေ့က ဟိုဘက်ကျောင်းတွေကိုလည်း တစ်ဆင့်ချင်း လူတစ်ယောက်ကို ရှာလာကြတာထင်တယ်။ ကျောင်းသားတွေကို မေးတယ်၊ လူတစ်ယောက်ကို တွေ့လိုက်လား၊ သိလားမေးတယ်။ ကျောင်းသားတွေကလည်း ကျွန်တော်တို့မသိဘူး။ သူတို့ကအိပ်နေတာကို။ အိပ်ချိန်ဖြစ်လို့ ကျောင်းသားတွေက ဘယ်သိပါမလဲ။ စစ်သားတွေကတော့ မကြာပါဘူး။ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်မယ်လို့ ပြောခဲ့တယ်"ဟု သူကပြောသည်။

လက်ရှိတွင် ၄င်းတို့မှာ စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းသို့ ရောက်ရှိနေကာ စစ်ဆေးမှုများပြီးလျှင် ပြန်လွှတ်ပေးမည်ဟု ရဲဘက်က တုန့်ပြန်လိုက်သည်ဟု သွားရောက်ခဲ့သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

“အဆက်အသွယ်တော့ရတယ်။ ရဲစခန်းမှာတဲ့။ တစ်ယောက်ချင်းတော့ မတွေ့ရသေးဘူး။ ဘာသံသယနဲ့ ဖမ်းသွားတာလဲတော့ မသိဘူး။ ပြန်လွှတ်ပေးမယ်ထင်ပါတယ်"ဟု အဆိုပါသံဃာက မိန့်သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ကလည်း မင်းပြားမြို့နယ်မှ သံဃာတော်တစ်ပါးနှင့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။