ရမ်းဗြဲမြို့တွင် စစ်မှူးထမ်းဟောင်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်က အဖမ်းအဆီးကြမ်းနေ

စစ်တပ်မှ ရှာဖွေမှုကြောင့် ရမ်းဗြဲမြို့နယ်အတွင်းမှ လူမှုရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ၂၀ ဦးထက် မနည်းမှာလည်း တိမ်းရှောင်လျက်ရှိနေကြသည်။

By Admin 17 Oct 2022

ရမ်းဗြဲမြို့တွင် စစ်မှူးထမ်းဟောင်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်က အဖမ်းအဆီးကြမ်းနေ

DMG ၊ အောက်တိုဘာ ၁၇

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်မှူးထမ်းဟောင်းတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားပြီးနောက် ယင်း‌နေ့တွင်ပင် မြန်မာစစ်တပ်သည် ရမ်းဗြဲမြို့ဒေသခံ ၁၂ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

AA က ဖမ်းဆီးသွားသူမှာ အမှတ်(၅) လောင်းချောင်းရပ်ကွက်တွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်ကြီးဟောင်း ဦးထွန်းကြည် ဆိုသူဖြစ်သည်။ ထို့နောက် အင်းတောင်ရပ်ကွက်မှ ကားဝပ်ရှော့ပိုင်ရှင် အသက်(၄၀)အရွယ် ဦးကျော်မင်းဟန်နှင့် တပည့်များဖြစ်ကြသည့် အသက်(၁၉)နှစ်အရွယ် ကိုမျိုးအောင်ထက်၊ အသက် (၃၅)နှစ်အရွယ် ကိုမောင်မောင်၊ အသက်(၃၅)နှစ်အရွယ် ကိုမျိုးမင်းတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

ယင်းအပြင် သုံးဘီးဆိုင်ကယ် မောင်းနှင်များသူဖြစ်သည့် အသက်(၅၈)နှစ်အရွယ် ဦးစံလင်း၊ အသက်(၅၀)အရွယ် ဦးထွန်းထွန်းအောင်နှင့် အသက်(၃၅)နှစ်အရွယ် ဦးကိုကိုအောင်တို့အပါအဝင် ၁၂ ဦးခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“သူတို့လာဖမ်းတဲ့အခါ စစ်တပ်အင်အား (၂၀)လောက်တော့ပါတယ်။ ဖမ်းသွားတာက အင်းတောင်ရပ်ကွက်နဲ့ လောင်းချောင်းရပ်ကွက်က ဒေသခံတွေဖြစ်တယ်။ အခုလောလောဆယ်တော့ ကျနော်တို့ အမည်စာရင်း ကောက်တာ ၇ ယောက်ပဲ ရသေးတယ်။ သူတို့ဖမ်းသွားတာ (၁၂)ယောက်လို့ သိရတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးကြောင်းနှင့် မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ဘယ်သူ့ကို လာဖမ်းတယ်ဆိုပြီး ဦးတည်ချက်နဲ့ လာတာမဟုတ်ဘူး။ လမ်းမှာ တွေ့သူတွေ၊  ကားဝပ်ရှော့မှာ လာလုပ်သူတွေ အကုန်လုံးကိုဖမ်းသွားတာ။ အဲဒီ စစ်မှူးထမ်းဟောင်း အနီးဝန်းကျင်မှာ ရှိတဲ့သူတွေအကုန်လုံးကို ဖမ်းတာဖြစ်တယ်။ ခေါ်သွားတဲ့နေရာကိုလည်း မသိရသေးဘူး။ အခုချိန်ထိတော့ ပြန်မလွတ်ကြသေးဘူး”ဟု ၎င်းဒေသခံကပြောသည်။

မြန်မာစစ်တပ်သည် ယမန်နေ့(အောက်တိုဘာလ ၁၆ ရက်)ကလည်း အင်းတောင်ရပ်ကွက်အနီးရှိ တောင်ကုန်းများကို ဒရုန်းများလွှတ်ကာ ကြည့်ရှုမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလို အဖမ်းအဆီးများတဲ့အတွက် မြို့ပေါ်ဒေသခံတွေရဲ့ အခြေအနေကတော့ တော်တော်စိုးရိမ်နေကြသလို တစ်ချို့လူငယ်တွေဆိုရင် အိမ်မှာမနေရဲတော့ဘဲ တစ်ခြားနေရာတွေကို တိမ်းရှောင်သွားကြတယ်။ အရင်တုန်းက အခုလို တစ်ခါမှမဖြစ်ဖူးဘူးပေါ့။ အခုဆို ဒရုန်းတွေနဲ့တောင် လှည့်ပတ်ကြည့်တာမျိုးလုပ်သလို ရဲစခန်းရှေ့က လမ်းတွေဆိုလည်း ဆိုင်ကယ်၊ ကားသွားလာမှုတွေကို ပိတ်ပစ်လိုက်တယ်။ ရဲစခန်းထဲမှာဆိုလည်း စစ်သားတွေ အပြည့်ပဲ”ဟု တန်းနားပြင်ရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာစစ်တပ်သည် ရမ်းဗြဲမြို့နယ်အတွင်းတွင် စက်တင်ဘာလကလည်း ဒေသခံအများအပြားကို ဖမ်းဆီးခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် အချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း လူမှုရေးတက်ကြွလှုပ်ရှားသူများကို ထပ်မံဖမ်းဆီးရန် စစ်တပ်မှ ရှာဖွေခြင်းပြုလုပ်ခဲ့သဖြင့် တိမ်းရှောင်နေရသူ (၂၀)ဦးထက်မနည်းရှိကြောင်း သိရသည်။