မင်းကူးလမ်းကျေးရွာအုပ်ချုပ်ရေးမှူးများကို အကျင့်ပျက်ခြစားမှုဖြင့် ဒေသခံများတိုင်ကြား

ကိုဗစ်ကာလအတွင်း အစိုးရကပေးသော ထောက်ပံ့ငွေများကို မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က အကျင့်ပျက်ခြစားထားသည်ဟုဆိုကာ ဒေသခံရွာသူ၊ ရွာသားများက နိုင်ငံတော်အစိုးရအဖွဲ့သို့ တိုင်ကြားထားသည်။

By ကျော်သူဌေး 18 Dec 2020

Photo - facebook

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၈ ၊ စစ်တွေ
 
ကိုဗစ်ကာလအတွင်း အစိုးရကပေးသော ထောက်ပံ့ငွေများကို မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က အကျင့်ပျက်ခြစားထားသည်ဟုဆိုကာ ဒေသခံရွာသူ၊ ရွာသားများက နိုင်ငံတော်အစိုးရအဖွဲ့သို့ တိုင်ကြားထားသည်။
 
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့က အဆိုပါအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့ကို တိုင်ကြားထားကြောင်း သေခံများက ပြောသည်။
 
“အစိုးရက သိန်း ၇၄၀ ကျော်ချပေးရာမှာ သိန်း ၄၀ လောက်ပဲ ဒေသခံတွေက အကျိုးခံစားခွင့်ရတယ်။ ကျန်တဲ့ ၇၀၀ လောက်ကကျတော့ အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ စာရေးတို့က ငွေကြေးမသာမာမှု အလွဲသုံးစားလုပ်တယ်။ တကယ့်တကယ် အကျိုးခံစားခွင့်ကျတော့ ပြည်သူတွေက မရကြဘူး။ အဲဒါကြောင့် တိုင်ကြားရတာပါ”ဟု ကျေးမ ကျေးရွာနေ ဆလိုင်းပိုင်ဆွန်က DMG သို့ ပြောသည်။
 
နိုင်ငံတော်အစိုးရက ကိုဗစ်ကာလာအတွင်း၌  အခြေခံလက်လုပ်လက်စားများအား ထောက်ပံ့ငွေများ ပေးအပ်လျှက်ရှိရာ မင်းကူးလမ်းကျေးရွာအုပ်စုအတွင်းရှိ  အိမ်ထောင်စု ၇၄၇ စု အတွက် ငွေကျပ် ၂ သောင်းကျပ်နှုန်းဖြင့် ၃ ကြိမ်နှင့် ငွေ ၄ သောင်းကျပ်နှုန်းဖြင့် ၁ ကြိမ် စုစုပေါင်း ငွေကျပ် (၇၄၇) သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှနေ၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဖြစ်သူတို့က ထုတ်ယူသွားကြောင်း တိုင်ကြားစာမှာ ရေးသားထားသည်။
 
ပထမအကြိမ်အဖြစ် ထောက်ပံ့ငွေပေးအပ်ရာတွင် ကျေးရွာ (၉) ရွာ၌ တစ်အိမ်ထောင်လျှင် (၅) ထောင်ကျပ်နှင့် ဒုတိယအကြိမ်အဖြစ် ကျေးရွာ (၂) ရွာရှိ တစ်အိမ်ထောင်လျှင် ငွေကျပ် (၁) သောင်းနှုန်း ပေးအပ်ခဲ့ခြင်းသာရှိကြောင်း တိုင်းကြားစာမှာ ဖော်ပြထားသည်။
 
“အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားကြည့်အခါ သူတို့က အုပ်စုထဲမှာ ၄ ကြိမ်တိုင်တိုင် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ငွေကို ပြည်သူလူထုက လက်ခံရရှိပါကြောင်းဆိုတဲ့ လက်မှတ်အတုတွေထိုးပြီးတော့ ငွေကြေးထုတ်ထားတာတွေရှိတယ်။ တကယ်တန်းကျတော့ ဒေသခံတွေဆီကို ရောက်မလာဘူး”ဟု စေတီယံကျေးရွာမှ ဆလိုင်းထွန်းလှကျော်က ဆိုသည်။
 
အဆိုပါတိုင်ကြားချက်နှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
 
မင်းကူးလမ်းကျေးရွာအုပ်စုတွင် လယ်ဧက (၃၀) ခန့်သာရှိပြီး ဒေသခံတို့သည် တောတောင်များကို အဓိကမှီခို၍ သစ်၊ ဝါး လုပ်ငန်းများဖြင့်သာ အသက်မွေးကြသည့် ကျေးရွာများဖြစ်သည်။
 
ယင်းကျေးရွာအုပ်စု၌ ကျေးရွာပေါင်း ၂၀ ကျော်၊ အိမ်ထောင်စု ၁၂၃၉ စု နှင့် လူဦးရေ ၆၅၅၀ ဦးခန့်ရှိပြီး မင်းပြားမြို့သို့သွားလာရန် ရေလမ်းကြောင်းတစ်ခုသာရှိ၍ ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုမရှိသည့် ဒေသတစ်ခုဖြစ်သည်။