ကင်းဆိပ်ရွာလက်နက်ကြီးကျမှုကို လက်တုန့်ပြန်သည့်အနေဖြင့် မိုင်တိုင်(၄၀)အနီးရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ဟု AA ဆို

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (သြဂုတ်လ ၃၁ ရက်)တွင် ထုတ်ပြန်ထားသည်။

31 Aug 2022

DMG ၊ သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (သြဂုတ်လ ၃၁ ရက်)တွင် ထုတ်ပြန်ထားသည်။

သြဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ အသက် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိသွားသည့်ဖြစ်စဉ်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ကဆိုသည်။

မိုင်တိုင်(၄၀)စခန်း ပတ်ဝန်းကျင်အနီးတွင် သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ သြဂုတ် ၃၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ပြင်းထန်စွာဒဏ်ရရှိထားပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦးမှလွဲ၍ ရဲအုပ် စိုးစိုးပိုင်အပါအဝင် စုစုပေါင်း (၁၉)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

ယင်းအပြင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ရက်များအတွင်းမှာလည်း မိုင်တိုင်(၄၀)တပ်စခန်းအတွင်း သေဆုံးသူများကိုမြှုပ်နှံထားသည့် အလောင်းအမြောက်အမြားကိုပါတွေ့ရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း AA ဘက်မှလည်း အထိအခိုက်၊ အကျအဆုံးတချို့ရှိခဲ့ကြောင်း ဖော်ပြသည်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက် မီတာ ၇၀၀ အကွာအဝေးရှိ ကားလမ်းမအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့ကာ AA ဖက်မှာလည်း ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့သြဂုတ်လ ၃၁ ရက် နေ့လည်ပိုင်းတွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနောက်ဖက် မီတာ ၅၀၀ ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၀ ဦးကျဆုံးပြီး ယနေ့ညနေပိုင်းအထိ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AA ထုတ်ပြန်ချက်ပါရှိသည်။

AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏တုန့်ပြန်ချက်ကို လတ်တလောတွင်မရရှိသေးပေ။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်နှစ်ကျော်ကြာတိုက်ပွဲရပ်တန့်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာလာပြီး လက်ရှိတွင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနေသည်။