မောင်တောတွင် အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှုရှိလာ၍ အခြားအုပ်ချုပ်ရေးမှူးများလည်း စိုးရိမ်ထိတ်လန့်

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပိုမိုတင်းမာလာပြီးနောက် မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်သောကြောင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

22 Jul 2022

DMG ၊ ဇူလိုင် ၂၂

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပိုမိုတင်းမာလာပြီးနောက် မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်သောကြောင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြားတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်နေ့အတွင်းတွင် ထရိန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းအုပ်ချုပ်ရေးမှူးနှင့် သာယာကုန်းကျေးရွာ တာဝန်ခံတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေမှူးတွေက ခုထိစိုးရိမ်မှုတွေ ရှိတုန်းပါပဲ။ ကျွန်တော်တို့မိသားစုတွေကအစ ပူပန်သောကရောက်ကြရပါတယ်။ ရွာသူရွာသားတွေကအစ၊ ဒီလိုအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာသားတွေကို ဒီလိုခေါ်သွားတော့ စိုးရိမ်ကြောင့်ကြပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေလည်း အားလုံးကြောက်နေကြပါတယ်။ ရွာထဲက တစ်ချို့မိန်းကလေးတွေနဲ့ တခြားတစ်ချို့သော လူတွေလည်းစိုးရိမ်ပြီး မောင်တောကိုဆင်းနေကြပါတယ်“ဟု မောင်တောမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

လက်ရှိကာလတွင် အုပ်ချုပ်ရေးမှူးများကို အပြစ်မရှိဘဲ ဖမ်းဆီးစစ်ဆေးပြီး မိမိတို့မသိရှိသောကိစ္စရပ်များကို မေးမြန်းမည်ကိုလည်း စိုးရိမ်နေရကြောင်း မောင်တောမြို့နယ်မြောက်ပိုင်းမှ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

“တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တာပေါ့။ အုပ်ချုပ်‌ရေးမှူးတွေ၊ ရွာသားတွေကို ဆွဲပြီးဖမ်းတယ်ဆိုတော့ အုပ်ချုပ်ရေးမှူးတွေမှာ အလွန်စိုးရိမ်ရပါတယ်။ ကိုယ်နဲ့မပတ်သက်ပဲ မသက်ဆိုင်ပဲနဲ့ ဖမ်းဆီးခံရပြီး အမျိုးမျိုးအမေးခံရမှာတွေ၊ မေးတဲ့နေရာမှာလည်း ရိုက်လို့ပုတ်လို့မေးမြန်းမှာတွေကို တွေးပြီးစိုးရိမ်ရတယ်“ဟု သူကပြောသည်။

အုပ်ချုပ်ရေးမှူးများကို ထပ်မံဖမ်းဆီးမှုများရှိလာလျှင် ယခင်တိုက်ပွဲကာလက မြောက်ဦး၊ ကျောက်တော်၊ မြေပုံ ၊ မင်းပြား စသည့်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သကဲ့သို့ မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးများလည်း စိုးရိမ်ကြောက်လန့်ပြီး အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်လာနိုင်ကြောင်း ၎င်းတို့ကပြောကြသည်။

“စိုးရိမ်မှုတော့ အများကြီးရှိပါတယ်။ မဆီမဆိုင် ကျွန်တော်တို့ကိုခေါ်ပြီး မေးမြန်းစစ်ဆေးခံရမယ်။ မဟုတ် မတရား မေးမြန်းစစ်ဆေးခံရမှာကိုတော့ တကယ်ကိုစိုးရိမ်မိတာပါ“ဟု မောင်တောမြို့နယ်မှ နောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးမှုရှိခဲ့ပြီး ၁၄ ဦးဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ထုတ်ပြန်ထားသည်။

ထိုဖြစ်ရပ်ပြီးနောက်တွင် မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားကြောင်း မိသားစုဝင်များထံမှသိရသည်။