ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်ဟုဆို

လက်ရှိဆောက်လုပ်နေသည့်ကာလဖြစ်သည့် ဂွ-မန်ကျည်းငူ ကိုဆက်သွယ်ထားသော ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် များစွာအကျိုးရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

28 Sep 2021

DMG ၊ စက်တင်ဘာ ၂၈

လက်ရှိဆောက်လုပ်နေသည့်ကာလဖြစ်သည့် ဂွ-မန်ကျည်းငူ ကိုဆက်သွယ်ထားသော ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် များစွာအကျိုးရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ကုန်စည်များဝင်ရောက်နေသည့် ကုန်းလမ်းသုံးခုသာရှိနေသေးပြီး ယခုတံတားအား ဆောက်လုပ်ပြီးစီးမည်ဆိုပါက လေးခုမြောက်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG ကိုပြောသည်။

“လက်ရှိရခိုင်ကို မကွေးမင်းဘူးဘက်က ဝင်တဲ့တစ်လမ်း၊ တောင်ကုန်းဘက်ကလာတဲ့တစ်လမ်းနဲ့ ငသိုင်းချောင်းဘက်တွေကပဲ ဝင်လို့ရသေးတယ်။ ဒီလမ်းသာဖွင့်ခဲ့ရင် ရခိုင်ပြည်နယ်ရဲ့ ကုန်စည်စီးဆင်းမှု အပိုင်းတွေမှာတော့ ပိုပြီးကောင်းလာမှာ”ဟု သူကဆိုသည်။

ယင်းအပြင် အဆိုပါလမ်းဆောက်လုပ်ပြီးစီးပါက နယ်စပ်ကုန်သွယ်ရေး၏ ကုန်စည်တစ်ခုဖြစ်သည့် ရေချိုငါးများသယ်ယူပို့ဆောင်ရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ဦးတင်အောင်ဦးက ပြောသည်။

အလားတူ ဂွချောင်းကူးတံတားပြီးစီးလျှင် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအတွက်လည်း များစွာအကျိုးရှိလာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရခိုင်ပြည်နယ်) ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကဆိုသည်။

“ပြီးခဲ့တဲ့ သင်္ကြန်တုန်းကဆိုရင် ဂွမြို့နယ် ကမ်းသာယာကမ်းခြေမှာ လူတွေစည်ခဲ့တယ်။ အဲ့လူတွေက ဘယ်ကလူတွေလည်းဆိုတာပြန်ကြည့်လိုက်တော့ ဧရာဝတီဘက်ကလူတွေ။ ဒီတော့ အကယ်၍ ဒီလမ်းသာပြီးသွားမယ်ဆိုရင် သေချာပါတယ် ရခိုင်ပြည်နယ်ကိုဝင်လာမယ့် ပြည်တွင်းခရီးသွားတွေဟာ အများကြီး တိုးလာမှာ”ဟု ၎င်းကပြောသည်။

လက်ရှိကမ္ဘာအဝှမ်းတွင် ကိုဗစ်ရောဂါဖြစ်ပွားနေသည့်အတွက် မိမိတို့အနေဖြင့် ပြည်ပခရီးသွားထက် ပြည်တွင်းခရီးသွားများဖြင့် ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရေးကို ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ဦးတင်ထွန်းအောင်ကဆိုသည်။

ဂွနှင့် မကျည်းငူကို ဆက်သွယ်ဖောက်လုပ်နေသည့် ဂွချောင်းကူးတံတားမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကာ လာမည့် ၂၀၂၂ ခုနှစ်မတ်လတွင်အပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ဂွမြို့နယ်မှ မြို့မိမြို့ဖ ဦးလှတင့်က "တံတားက ကြမ်းခင်းတွေအကုန်ပြီးနေပြီ။ချည်းကပ်လမ်းနဲ့ လက်ရမ်း တိုင်တွေပဲ လုပ်ဖို့ကျန်တော့တယ်။ လာမယ့်နှစ် မတ်လထဲမှာ ဖွင့်ပွဲလုပ်မယ်လို့လည်း သိထားတယ်။ ဒီတံတား ပြီးလာရင်တော့ ကျွန်တော်တို့မြို့ ပိုစည်လာမယ်လို့တော့မျှော်လင့်ပါတယ်"ဟု သူကပြောသည်။

ယင်းတံတား ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅ဝဝ နှင့် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂ဝဝဝ တို့ဖြင့် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဂွချောင်းကူးတံတားမှာ အရှည် ပေ ၁၃၂၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းတစ်ဖက်လျှင် အကျယ် ၃ ပေ စုစုပေါင်းတံတားအကျယ်ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိမည်ဖြစ်သည်။ ယင်းအပြင် တံတား၏ ယက်မ၊ ကြမ်းခင်း၊ အောက်ထည်နှင့် ဘိုးပိုင်အားလုံးကို သံကူကွန်ကရစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန် ဖြတ်သန်းသွားလာနိုင်မည့် တံတားတစ်စင်းဖြစ်သည်။

ထိုတံတားပြီးမြောက်ပါက မန်ကျည်းငူ၊ ကျောက်ချွန်စသည့် ကျေးရွာများမှ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် သွားရေးလာရေး ပိုမိုအဆင်ပြေလာစေမည့်အပြင် ကျောက်ချွန်ကျေးရွာမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပေါက်လှချိုင်ကျေးရွာ၊ ထိုမှတစ်ဆင့် ငရုတ်ကောင်း-ငွေဆောင်- ချောင်းသာ-ရွှေသောင်ယံ-ဝက်သေ-မကျီးစင်ကျေးရွာများအထိ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။