- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်နှင့် KNLA တို့ ယနေ့ နံနက်က တိုက်ပွဲဆက်လက်ဖြစ်ပွား
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ဖြစ်သည့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်သို့ မြန်မာစစ်တပ်မှ စစ်အင်အား ထပ်မံဖြည့်ရန် စစ်ကြောင်းထိုးမှုကြောင့် ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
16 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၆
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ဖြစ်သည့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်သို့ မြန်မာစစ်တပ်မှ စစ်အင်အား ထပ်မံဖြည့်ရန် စစ်ကြောင်းထိုးမှုကြောင့် ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်အင်အား ၁၅၀ ကျော်ခန့်သည် မဲ့ထော်သလေးကျေးရွာသို့ တက်ရောက်ရန် ကြိုးစားလာမှုအပေါ်ဟန့်တားရင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNLA နှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။
"စစ်ကောင်စီ တပ်ကော သူတို့နဲ့ပူးပေါင်းတဲ့ နယ်ခြားစောင့်တပ် (BGF) ပေါ့။ အင်အား ၁၅၀ ကျော်လောက် ကား ၁၂ စီးနီးပါး တက်လာတာ။ အဲတာကို ကျွန်တော်တို့ဘက်တွေ့တာနဲ့ ဟန့်တားရင်းကနေ တိုက်ပွဲစဖြစ်တာပါ။" ဟု ၎င်းက ပြောသည်။
ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီ ကျော်မှစပြီး ည ၉ နာရီခွဲကျော်အထိ မြန်မာစစ်တပ်နှင့် ကေအန်ယူလက်အောက်ခံ (KNLA)၊ KNDO၊ DKBA (ခွဲထွက်) အဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်မှ စစ်ကြောင်းမှူး၊ တပ်ရင်းမှူးအပါအဝင် အရာရှိသုံးဦးနှင့် မြန်မာစစ်သား ၂၀ ကျော်ထက်မနည်း ကျဆုံးခဲ့ကာ ၂၃ ဦးခန့် ကေအန်ယူပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့သည်။
မြန်မာစစ်တပ်မှ စစ်ကြောင်းမှူးနှင့် ဗျူဟာမှူးတို့မှာ လေးကေ့ကော်မြို့သစ် ၆ ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းတွင် တက်ရောက်လာရန်ကြိုးပမ်းစဉ် လက်ဖြောင့်တပ်သား (စနိုက်ဘာ)၏ ပစ်ခတ်မှုကြောင့် အကျအဆုံများခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တိုက်ပွဲအတွင်းရောက်ရှိနေသူ PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
"စစ်ကောင်စီ တပ်ကပဲ စစ်ကြောင်းမှူးနဲ့ဗျူဟာမှူးပေါ့။ သူတို့က အမှတ် ၆ ရပ်ကွက်က အိမ်ကိုဝင်ဖျက်ဖို့လုပ်နေတာ။ ဝင်လာတာပေါ့နော်။ အဲတာကို ကျွန်တော်တို့ KNU နဲ့ PDF အဖွဲ့က စနိုက်ဘာသမားက ပစ်ခတ်ခဲ့လို့ကျသွားတယ်။ အဲကနေစပြီးတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တော့တာပါပဲ။" ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လေးကေ့သော်မြို့သစ်အတွင်းသို့ ကျရောက်ကာ နေအိမ်တချို့ပျက်စီးသွားခဲ့ကြောင်း သိရသည်။ သို့သော်လည်း DMG အနေဖြင့် မြန်မာစစ်တပ်၏ လက်နက်ကြီး ဟုတ်မဟုတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။
ရပ်ကွက်အတွင်း၌ အသက် ၇၀ နီးပါးအရွယ်ရှိ အဘွားအိုလင်မယားနှစ်ဦးမှာ ယမန်နေ့က သတ်ဖြတ်ခံထားရကြောင်းနှင့် ပိတ်မိနေသူ ၅၀၀ ဦးထက်မနည်းရှိကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်သူများက ပြောဆိုကြသည်။
တိုက်ပွဲပြင်းထန်လာမှုကြောင့် လေးကေ့ကော်မြို့သစ်အတွင်း နေထိုင်သူများသည် နီးစပ်ရာ မဲလခီး၊ ဖလူးလေးသို့ စစ်ဘေးရှောင်နေရ၍ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အထိရှိနေပြီး အခက်အခဲများစွာ ဖြစ်ပေါ်နေကြသည်။
လေးကေ့ကော်မြို့သစ်အတွင်း တိမ်းရှောင်လာသည့် NLD ပါတီမှ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မအူပင်နှင်မြောင်းမြမှ နှစ်ဦးအပါအဝင် ဒေသခံ ၅၀ ဦးနီးပါးကို မြန်မာစစ်တပ်မှဖမ်းဆီးမှုကြောင့် ကေအန်ယူနှင့် နှစ်ဖက်အပြန်လှန်ညှိနှိုင်းရာမှ တပ်ဆိုင်အနေအထားဖြစ်ခဲ့ကာ မြန်မာစစ်တပ်မှ ထပ်မံဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက စပြီးတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။