တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ- ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်၏အမှုတွင် တရားလိုနှင့် လိုပြသက်သေများကိုစစ်ဆေးပြီးဖြစ်သောကြောင့် လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မသင့်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေ့ထံမှသိရသည်။

14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ- ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်၏အမှုတွင် တရားလိုနှင့် လိုပြသက်သေများကိုစစ်ဆေးပြီးဖြစ်သောကြောင့် လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မသင့်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေ့ထံမှသိရသည်။

အဆိုပါအမှုကို ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် တရားလိုပြသက်သေခုနှစ်ဦးထဲမှ နောက်ဆုံးကျန်သော လိုပြသက်သေဖြစ်သည့် သတင်းရဲတပ်ဖွဲ့မှတစ်ဦးကိုစစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်ကပြောသည်။

“တရားလိုနဲ့ လိုပြသက်သေခုနှစ်ဦးရှိရာမှာ အကုန်လုံးကိုစစ်ဆေးပြီးသွားပြီ။ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမှတ်မယ်”ဟု ၎င်းကပြောသည်။

ကိုအောင်ဝင်းနိုင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် စစ်တပ်ကဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။

AA နှင့်ပတ်သက်မှုမရှိကြောင်း ကိုအောင်ဝင်းနိုင်၏ မိသားစုဝင်များက ငြင်းဆိုထားသည်။

ကိုအောင်ဝင်းနိုင်ဦးဆောင်သည့် မိုးပညာဒါနပရဟိတအသင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှဦးဆောင်ကာ မိုးပညာဒါနသင်တန်းကျောင်းကို ဖွင့်လှစ်ထားသည်။

အဆိုပါသင်တန်းကျောင်းတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဝပ်ရှော့အပါအဝင် အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးနေခြင်းဖြစ်သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းကြောင်း စစ်ကောင်စီကကြေညာခဲ့သော်လည်း မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခြင်းမရှိသေးပေ။