- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးတွင် စစ်ရေးတင်းမာနေသောကြောင့် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထား
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထားရသည်ဟု ဒေသခံများထံမှသိရသည်။
29 Aug 2022
DMG ၊ သြဂုတ် ၂၉
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထားရသည်ဟု ဒေသခံများထံမှသိရသည်။
မြန်မာစစ်တပ်မှ တပ်သား ၅၀ ဦးခန့်မှာ (ယနေ့ သြဂုတ်လ ၂၉ ရက်)နံနက်ပိုင်းက ဘူးရွက်မညှိုး၊ ဝေသာလီ စသည့်ကျေးရွာများမှ ထွက်ခွာသွားပြီးနောက် လက်ရှိမှာ အုတ်ဖော်ကန်ကျေးရွာအနီး ယာယီရပ်နားနေကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက “သူတို့က ဘူးရွက်မညှိုးဘက်က လမ်းမကြီးတစ်လျှောက် မြောက်ဦးဘက်ကိုလျှောက်သွားကြတယ်။ အခုတော့ မြောက်ဦးကိုမရောက်ခင် အုတ်ဖော်ကန်ရွာနားမှာ ရပ်နားနေကြပါတယ်။ တချို့ဆိုရင် ရွာထဲကိုဝင်သွားတဲ့သူတွေလည်း ရှိပါတယ်။ ဒီဘက်မှာက AA ဘက်ကလည်းရှိတော့ အပြန်အလှန် စစ်ရေးတင်းမာနေတဲ့အခြေအနေရှိပါတယ်။ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်မလဲတော့ မသိဘူးပေါ့”ဟု ဆိုသည်။
ယင်းသို့သောအခြေအနေများကြောင့် မြောက်ဦး-စစ်တွေ၊ စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့်ကားများနှင့် မြောက်ဦးမြို့နယ်မှ နေ့စဉ်ပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ယာယီရပ်နားထားသည်ဟု ကားသမားများကပြောဆိုသည်။
မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ကားသမားတစ်ဦးက “ဒီနေ့တော့ ကားသမားတွေအားလုံးနီးပါး မသွားကြဘူး။ အရေးပေါ် တစ်စီး၊ နှစ်စီးလောက်ပဲ သွားပါတယ်။ ဘယ်သူကမှ ကန့်သတ်ထားတာတော့ မဟုတ်ဘူး။ ကိုယ်ကိုကိုယ် လုံခြုံရေးအရကော၊ အသက်အန္တရာယ်စိုးရိမ်မှုအရကော မသွားတာပါ။ နယ်ဘက်ကကားတွေဆိုရင်လည်း မြောက်ဦးကိုမလာကြပါဘူး။ ဘယ်နေ့အထိ ရပ်ထားမလဲဆိုတာတော့ ကျနော်တို့ပြောလို့မရဘူး။ နယ်မြေအေးချမ်းတဲ့အထိပေါ့နော်”ဟု ဆိုသည်။
မြောက်ဦးမြို့မဈေးတွင်လည်း ကုန်ပစ္စည်းရောင်းချနေသည့် ဈေးသည်အနည်းငယ်သာရှိပြီး အများစုမှာဆိုင်ပိတ်ထားကြပြီး ဈေးဝယ်သူများမှာလည်း မရှိသလောက်နည်းပါးကြောင်း သိရသည်။
ကားသမားများ နေ့စဉ်ပြေးဆွဲနေမှုအားရပ်တန့်ထားပါက မြောက်ဦးမြို့နယ်မှ ကျေးရွာများတွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားနိုင်ကြောင်းလည်း ပြောဆိုကြသည်။
ယမန့်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဘူးရွက်မညိုး၊ လက္ကာ၊ ကင်းဆိပ်၊ ဝေသာလီ၊ အောက်သကန်၊ ပေါက်တောပြင်နှင့် ဘုရားကြီး စသည့်ကျေးရွာ ၁၀ ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည်။
ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၂၀၀၀ ကျော်မှာ စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ ကျနော်တို့တတ်နိုင်သလောက် ကူညီပေးထားပါတယ်။ အလှူငွေကောက်ခံပြီးတော့ ကျွေးမွေးထားပါတယ်။ လတ်တလော အဆင်ပြေတယ်ဆိုပေမဲ့ ရေရှည်တော့အဆင်မပြေနိုင်ပါဘူး။ စားဖို့သောက်ဖို့ နေရေးထိုင်ရေး အကုန်လုံးအခက်အခဲရှိမှာပါ။ သူတို့အတွက် အစစအရာရာအကူအညီလိုအပ်နေပါတယ်။ တတ်နိုင်တဲ့သူတွေလည်း ကူညီပေးကြဖို့နှိုးဆော်ပါတယ်”ဟု ဆိုသည်။
ယမန်နေ့(သြဂုတ်လ ၂၈ ရက်) ညနေ ၃ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ဘူးရွက်မညိုးကျေးရွာနှင့် အောက်သကန်ကျေးရွာကြားတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာနှင့် မသက်ဆိုင်သည့် ကင်းဆိပ်ကျေးရွာသို့ မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ကင်းဆိပ်ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။
လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရသူနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။