- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ကိုတင်ထွန်းအောင်၏ အယူခံအမှုကို အပြီးသတ်အမိန့်ချမည့်ရက်ရွှေ့ဆိုင်း
နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်၏ အယူခံအမှုကို ယနေ့(ဇူလိုင်လ ၁၅ ရက်)တွင် မတူပီခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချရန်ချိန်းဆိုထားသော်လည်း ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
15 Jul 2022
DMG ၊ ဇူလိုင် ၁၅
နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်၏ အယူခံအမှုကို ယနေ့(ဇူလိုင်လ ၁၅ ရက်)တွင် မတူပီခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချရန်ချိန်းဆိုထားသော်လည်း ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ထောင်ဒဏ်သုံးနှစ်ချမှတ်ထားမှုအပေါ် ပြစ်ဒဏ်လျှော့ပေါ့ပေးရန်အတွက် အယူခံတင်ထားရာ ဇွန်လ ၃ ရက်နေ့က နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်။ ထို့နောက် ယနေ့ အပြီးသတ်အမိန့်ချမှတ်မည်ဟု ရုံးချိန်းလိုက်သော်လည်း တရားသူကြီးအလုပ်ရှုပ်နေသည်ဟု အကြောင်းပြချက်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဟု အစ်ကိုဖြစ်သူ ကိုမင်းအောင်ကပြောသည်။
“ဒီနေ့ အလုပ်အရမ်းများနေလို့ဆိုပြီး ဇူလိုင်လ ၂၀ ရက်နေ့ ရုံးချိန်းလိုက်ပါတယ်။ အာဇာနည်နေ့ပြီးရင် နောက်တစ်ရက်မှပဲ အမိန့်ချပါမယ်ဆိုပြီး ပြောလိုက်ပါတယ်”ဟု ၎င်းကဆိုသည်။
ကိုတင်ထွန်းအောင်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန်အတွက် ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့က အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ အယူခံတက်တာက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာကို အပြစ်ဒဏ်ဖြေလျော့စေဖို့အတွက် အသနားခံစာတင်တဲ့ပုံစံမျိုးပါ။ သူ့အနေနဲ့ ဘာမှ မကောင်းတာမလုပ်ခဲ့ပါဘူး။ ထောင်ဒဏ် ၃ နှစ်လောက်ထိ မကျသင့်ပါ။ အခုအယူခံတက်တာမှာ အမိန့်ချမှတ်တဲ့အခါ ပြစ်ဒဏ်ဖြေလျော့မယ်လို့တော့ ကျနော်တို့မိသားစုအနေနဲ့မျှော်လင့်ပါတယ်”ဟု ကိုမင်းအောင်က ပြောသည်။
ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းနောက် ဧပြီလ ၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။