ခေတ်လေးခေတ်ကျောက်ဆစ်လက်ရာများဖြင့် တည်ဆောက်နေသည့် မြောက်ဦးမြို့ဝင်မုခ်ဦး ၃၅ ရာခိုင်နှုန်းပြီးစီး

ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်လေးခေတ်ကျောက်ဆစ်လက်ရာများဖြင့် တည်ဆောက်နေသည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ဝင်မုခ်ဦးမှာ လက်ရှိတွင် ၃၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

01 Mar 2022

DMG ၊ မတ် ၁

ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်လေးခေတ်ကျောက်ဆစ်လက်ရာများဖြင့် တည်ဆောက်နေသည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ဝင်မုခ်ဦးမှာ လက်ရှိတွင် ၃၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမုခ်ဦးကို ရန်ကုန်-စစ်တွေကားလမ်း ကျောက်တော်မှ မြောက်ဦးမြို့သို့အဝင် အုတ်ဖော်ကန်ကျေးရွာအနီးနှင့် မင်းပြားမှ မြောက်ဦးမြို့သို့အဝင် ပေါင်းတုပ်ကျေးရွာအနီးတို့တွင် ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သံတိုင်စိုက်ထူခြင်း စသည့်မုခ်ဝအကြမ်းထည်လုပ်ငန်းတို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြောက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က DMG သို့ပြောသည်။

“ပြီးစီးမှုကတော့ ၃၅ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဧပြီလမှာ အပြီးဆောက်လုပ်မယ်လို့ သတ်မှတ်တာ။ ဒါပေမယ့် အခုလုပ်မယ့်မုခ်ဦးက ရှေးဟောင်းခေတ်လေးခေတ်က အနုစိတ်လက်ရာတွေ၊ ရခိုင်ယဉ်ကျေးမှုအနုလက်ရာတွေ၊ ပန်းတွေနဲ့ လုပ်နေရတာဆိုတော့ သတ်မှတ်ချိန်ထက်ပိုပြီးတော့လည်း ကြာသွားနိုင်တယ်“ဟု ၎င်းကဆိုသည်။

သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေနေများကြောင့် ဘဏ်မှငွေကြေးထုတ်ရာတွင် တစ်ပတ်လျှင် ငွေကျပ်နှစ်သိန်းသာ ထုတ်ယူခွင့်ရရှိသည့်အတွက် ဆောက်လုပ်ရန်သတ်မှတ်ထားချိန်ထ က်ကြန့်ကြာနိုင်ကြောင်း စည်ပင်အရာရှိ ဦးရွှေမောင်ကဆက်ပြောသည်။

ယင်းသို့ခေတ်လေးခေတ်လက်ရာများဖြင့် မုခ်ဦးတည်ဆောက်ခြင်းမှာ မြို့အဝင်/အထွက်နေရာသို့ရောက်သည်နှင့် ရှေးခေတ် အငွေ့အသက်များကိုခံစားစေရန် ရည်ရွယ်ကြောင်းလည်းသူကဆိုသည်။

မြောက်ဦးမြို့အဝင်/အထွက် မုခ်ဦးတည်ဆောက်နေခြင်းနှင့်ပတ်သက်ပြီး မြောက်ဦးတောင်ရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက “ရှေးခေတ်လက်ရာတွေလုပ်တယ်လို့ ကြားပါတယ်။ မြို့နဲ့နည်းနည်းဝေးနေတယ်။ နည်းနည်းတော့ အလှမ်းဝေးတယ်ပေါ့နော်။ ဒါပေမဲ့လည်း အခုလိုလုပ်တာဟာ မြို့တစ်မြို့အနေနဲ့လည်း တင့်တယ်သွားတာပေါ့။ ကောင်းပါတယ်“ဟု ဆိုသည်။

အဆိုပါမုခ်ဦးနှစ်ခု တည်ဆောက်ရန်အတွက် ယခုနှစ် ၆ လတာ အစိုးရဘက်ဂျက်ဖြင့် ငွေကျပ်(၁၈၅)သန်းကုန်ကျခံကာ HHD ကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များ ဆနာက်ဆုံးထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ယူနက်စကိုစာရင်းဝင်ရန် ကြိုးစားနေသည့် ရခိုင့်ရှေ့ဟောင်းမြို့တော်ကြီးတစ်ခုဖြစ်သည်။