- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို ၆ လအတွင်း အပြီးဖယ်ရှားမည်
ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ ၆ လအတွင်း မြောက်ဦးမြို့ရှိ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှားသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများထံမှသိရသည်။
11 Apr 2022
DMG ၊ ဧပြီ ၁၁
ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ ၆ လအတွင်း မြောက်ဦးမြို့ရှိ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှားသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများထံမှသိရသည်။
မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်း ကျူးကျော်နေအိမ်များနှင့် အဆောက်အအုံ စုစုပေါင်း(၆၀၀)ခန့်ရှိသည့်အနက် ကျုံးပတ်ဝန်းကျင်ရှိ ကျူးများနှင့် ရေအရင်းမြစ်တည်ရှိရာပတ်ဝန်းကျင်ရှိ ကျူးများကို ဦးစားပေးဖယ်ရှားသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင် DMG ကိုပြောသည်။
“ဒီနှစ် ၅ လ ၆ လအတွင်းမှာ အပြီးဖယ်ရှားမယ်ပေါ့။ ယူနက်စကိုပညာရှင်တွေ လာရောက်မစစ်ဆေးခင်အထိပေါ့။ ပထမဆုံးအဆင့်အနေနဲ့တော့ ကျုံးနယ်မြေအနီးက နေရာတွေကိုဖယ်ရှားမယ်။ ပြီးမှ တခြားနေရာတွေကို ဖယ်ရှားမယ်ပေါ့။ ရှေးဟောင်းအဆောက်အအုံတွေနဲ့ဘယ်နှစ်ပေကွာ အဲဒီလိုမဟုတ်ဘူး။ မြင်ကွင်းကိုထိခိုက်စေတဲ့ အရာတွေအကုန်လုံး ဖယ်ရှားမှာပါ”ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့တွင် သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိပြီး ယင်းပတ်ဝန်းကျင်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်ဖြစ်သည်။ ထို့နောက် သကျမာန်အောင်၊ ရတနာ့မာန်အောင်အနီးအနားရှိ ကျူးကျော်များကို တဆင့်ချင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ကျူးကျော်နေထိုင်သူများမှ ငွေကြေးအဆင်မပြေသူများအတွက် နစ်နာမှုမရှိရအောင် မြေနေရာအစားထိုးပေးရန် စီစဉ်ထားသည်ဟုလည်း ဦးကြည်ခင်ကပြောသည်။
“ကျနော်တို့က ဒီနေရာ၊ဟိုနေရာ ထိခိုက်တယ်ဆိုပြီးတော့ ပြောရမယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက ဖယ်ရှားသွားမယ်။ အခုကတည်းက စနေပြီလို့ပြောလို့ရပါတယ်။ လောလောဆည်တော့ အစားထိုးမြေနေရာတွေပေးဖို့ မြေနေရာရှာနေတယ်။ မြေနေရာရသွားရင်တော့ ဖယ်ဖျက်တော့မယ်ပေ့ါ”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ကျူးကျော်များကို တစ်နှစ်အတွင်းဖယ်ရှားမည်ဟုသောပြောဆိုချက်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်က လက်ရှိမြေပြင်တွင် တစုံတရာဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြောသည်။
“ကျူးကျော်တွေကိုဖယ်ရှားမယ်ဆိုရင်လည်း အခုကတည်းက ဆောင်ရွက်သင့်နေပြီလို့ထင်ပါတယ်။ မြေပြင်မှာတော့ ဘာမမလုပ်ရသေးပဲ ဒီအတိုင်းပဲရှိနေသေးတယ်။ ကျနော်တို့အနေနဲ့တော့ ဒီကျူးကျော်တွေကိုဖယ်ရှားမယ်ဆိုတာ ဖြစ်ပါ့မလားဆိုပြီးတော့ သံသယဝင်မိတယ်။ ဘာဖြစ်လို့သံသယဝင်လည်းဆိုတော့ အခုချိန်ထိလည်း အကောင်အထည်ဖော် ဆောင်ရွက်တာတွေမရှိသေးလို့ပါ”ဟု ၎င်းကပြောသည်။
မြောက်ဦးတွင် အရေးယူဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ခြင်းတို့ကြောင့် ကျူးကျော်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စအား ထိရောက်စွာကိုင်တွယ်မှုမရှိပါက ရှေးဟောင်းနယ်မြေများ ပျောက်ကွယ်သွားနိုင်သည်ဟုလည်း ဦးထွန်းသာစိန်ကဆက်ပြောသည်။
မြောက်ဦးမြို့ ကျူးကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက “လောလောဆည်တော့ နန်းရာကုန်းထက်မှာရှိတဲ့ အထက်တန်းကျောင်း၊ ကျုံးအနီးမှာရှိတဲ့ ဆေးရုံဟောင်း၊ ပါတီရုံးဟောင်းတစ်ခုရှိတယ်။ အဲဒါတွေကို ဖျက်သိမ်းမယ့်အစီအစဉ်ရှိတယ်ပေါ့”ဟု ပြောသည်။
ယခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရှေးဟောင်းမြောက်ဦးမြို့ကို သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ လာမည့်နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကောင်မတီမှ ယူနက်စကိုစာရင်း ဝင်၊ မဝင်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။