ကော့ကရိတ်-မြဝတီအာရှလမ်းမနှင့် မြဝတီ-ဝေါလေလမ်းမကို ယာဉ်ဖြတ်သန်းခွင့် KNU မှယာယီပိတ်

ကရင်ပြည်နယ်၊ အာရှလမ်းမဖြစ်သည့် ကော့ကရိတ်-မြဝတီလမ်းနှင့် မြဝတီ-ဝေါလေလမ်း၌ ယာဉ်အသွားအလာများကို ယာယီရပ်တန့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)မှ ယနေ့(မတ်လ ၂၆ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

26 Mar 2022

DMG ၊ မတ် ၂၆

ကရင်ပြည်နယ်၊ အာရှလမ်းမဖြစ်သည့် ကော့ကရိတ်-မြဝတီလမ်းနှင့် မြဝတီ-ဝေါလေလမ်း၌ ယာဉ်အသွားအလာများကို ယာယီရပ်တန့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)မှ ယနေ့(မတ်လ ၂၆ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ် ပြည်သူလူထု၏ ဘဝရပ်တည်မှုအား နှောက်ယှက်နေမှုများကို ရပ်ဆိုင်းနိုင်ရေး အသိပေးခဲ့သော်လည်း အလေးမထားသည့်အပြင် မြန်မာစစ်တပ်မှ စစ်အင်အားအလုံးအရင်းနှင့်တပ်စွဲမှုရှိနေပြီးတပ်အင်အားတိုးချဲ့မှုများရှိနေကြောင်း ၎င်းထုတ်ပြန်ချက်ကဆိုသည်။

ထိုသို့စစ်အင်အားများကို တုံ့ပြန်ရင်ဆိုင်ရန်အတွက် မတ်လ ၂၇ ရက်မှစပြီး ကြေငြာချက်ပယ်ဖျက်ကြောင်း ထုတ်ပြန်မှုမပြုမလုပ်မချင်း ကော့ကရိတ်-မြဝတီအာရှလမ်းမနှင့် မြဝတီ-ဝေါလေလမ်းမ တို့ကို ယာဉ်အသွားအလာများယာယီရပ်ဆိုင်းကြောင်း KNU တပ်မဟာ(၆)မှ အသိပေးထားသည်။

KNU တပ်မဟာ(၆)နှင့်နီးစပ်သူတစ်ဦးက "ထုတ်ပြန်ချက်ကတော့ ဒီနေ့မှအတည်ပြုပြီးအသိပေးခဲ့တာပါ။ အရင်စစ်ကောင်စီနဲ့ တိုက်ပွဲစဖြစ်ကတည်းက KNU တပ်မဟာ(၆)နယ်မြေတွေကိုလေယာဉ်အသွားအလာကန့်သတ်ထားတာ ရှိပြီးသားဖြစ်ပါတယ်"ဟု DMG ကိုအတည်ပြုပြောသည်။

ထိုသို့ယာဉ်အသွားအလာများ ယာယီရပ်တန့်ကြောင်း KNU တပ်မဟာ(၆)မှ ထုတ်ပြန်မှုကြောင့် မြဝတီမှ ရန်ကုန်သို့သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များ အသွားအလာခက်ခဲလာနိုင်ကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးမှဆိုသည်။

"လုံခြုံရေးအရထုတ်ပြန်တာလို့ပဲ ယူဆမိတယ်။ ဒါပေမဲ့ အခုလိုအသွားအလာကန့်သတ်လိုက်တာက ရေရှည်အတွက်ကတော့ အဆင်မပြေနိုင်ဘူးဖြစ်နေတယ်။ လမ်းမပေါ်မှာပဲ ပစ်ခတ်နေတာဆိုတော့ အသက်အန္တရာယ်ရှိနေတယ်။ လမ်းအသုံးပြုတဲ့ခရီးသည်ယာဉ်မောင်းတွေလဲ အခက်အခဲဖြစ်ပေါ်စေတယ်"ဟု ၎င်းမှဆိုသည်။

လက်ရှိအချိန်ထိ KNU တပ်မဟာ(၆)နယ်မြေအတွင်း၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံနှစ်သောင်းကျော်မှာ စစ်ဘေးလွတ်ရာဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးနှင့် မဲဆောက်မြို့နယ် မြန်မာစစ်ဘေးရှောင်စခန်းတို့၌ စစ်ဘေး ခိုလှုံနေကြရသည်။