မြောက်ဦးရှေးဟောင်းဇုန်အတွင်းမှ ကျူးကျော်များကို ဖယ်ရှားအစီအစဉ် အကောင်ထည်မဖော်နိုင်သေးဟု ရှေ့သုဆို

ရှေးဟောင်း မြောက်ဦးမြို့၊ ရှေးဟောင်းနယ်နိမိတ်ဇုန်အတွင်းက ကျူးကျော်နေအိမ်၊ အဆောက်အအုံ၊ သာသနိကအဆောက်အအုံနှင့် တခြားကျူးကျော်များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ အပြီးဖယ်ရှားမည်ဟု ပြောဆိုသော်လည်း လက်ရှိအချိန်ထိတစုံတရာဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

13 Jun 2022

DMG ၊ ဇွန် ၁၃

ရှေးဟောင်း မြောက်ဦးမြို့၊ ရှေးဟောင်းနယ်နိမိတ်ဇုန်အတွင်းက ကျူးကျော်နေအိမ်၊ အဆောက်အအုံ၊ သာသနိကအဆောက်အအုံနှင့် တခြားကျူးကျော်များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ အပြီးဖယ်ရှားမည်ဟု ပြောဆိုသော်လည်း လက်ရှိအချိန်ထိတစုံတရာဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပထမအဆင့်အနေဖြင့် ကျူးကျော်စာရင်းအား ကောက်ခံနေခြင်း၊ ဖြိုဖျက်ခံရသူများအနေဖြင့် နစ်နာမှုမရှိစေရန် မြေနေရာအစားထိုးပေးသွားမည်ဖြစ်သည့်အတွက် မြေကွက်ရှာဖွယ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ သိရသည်။

မြေနေရာအစားထိုးပေးသည့်အခါမှာလည်း ဖြိုဖျက်ခံရသူအားလုံးကို ပေးသွားမှာမဟုတ်ပဲ ၊ နစ်နာမှုရှိ၊ မရှိစိစစ်ပြီး အမှန်တကယ် နစ်နာသူများကိုသာ ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ  (International Council on Monuments and Sites – ICOMOS) အဖွဲ့က မြောက်ဦးမြို့ကို စက်တင်ဘာလတွင် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်သည့်အတွက် ၎င်းတို့ မရောက်မီ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှားမည်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနမှ ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက “ ကျူးကျော်တွေကိုဖယ်ရှားဖို့အတွက် ၂လပဲကျန်နေပြီဆိုပေမဲ့ ကျူးကျော်ထားတဲ့စာရင်းတွေ၊ အစားထိုးပေးဖို့အတွက် မြေကွက်တွေ အဆင်မပြေသေးတာကြောင့် ကြာနေတာပါ။ ဒါတွေပြီး သွားရင်တော့ တစ်လအတွင်းလည်း ပြီးစီးနိုင်ပါတယ်။ တကယ်လို့မပြီးနိုင်ခဲ့ရင်လည်း ယူနက်စကိုက ပညာရှင်တွေလာရောက်တဲ့အခါ သူတို့နားလည်အောင် ဖယ်ရှားနေတဲ့ အစီမံတွေရှိတယ်လို့ပြောပြသွားမှာပါ။ သူတို့ဘက်ကလည်း နားလည်နိုင်မှာပါ။ ဖယ်ရှားမှာကတော့ ဖယ်ရှားမှာပါ ”ဟု ပြောဆိုထားသည်။

ယခုနှစ်အတွင်း ရှေးဟောင်းဇုန် ကျူးကျော်များကိုဖယ်ရှားခြင်းမပြုနိုင်ပါက ကျူးကျော်အဆောက်အအုံများ ပိုများလာနိုင်ပြီး၊ လက်ရှိဆောင်ရွက်နေမှုကိုလည်း သံသယဝင်မိသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“ ကျူးကျော်တွေကို ၂ လအတွင်းဖယ်ရှားနိုင်မလားလို့ကျနော်တို့က စိုးရိမ်မိတယ်။ ဘာကြောင့်လည်းဆိုတော့ ၄ လလောက်က အလာဟသအချိန်ကုန်သွားပြီ။ အခုလည်းဒီကျူးကျော်တွေနဲ့ ပတ်သက်လို့ ဘာတစ်ခုမှလုပ်တာမတွေ့ရဘူး။ အဲ့တာကြောင့် ဒါတွေကို ဖယ်ရှားနိုင်ပါ့မလားလို့ သံသယဝင်မိပါတယ် ” ဟု ၎င်းဆိုသည်။

အလားတူ နေအိမ်ဖယ်ရှားသည့်အခါ မြေနေရာအစားထိုး ရ၊ မရကိုလည်း စိုးရိမ်နေကြရသည်ဟု ဆိုသည်။

မြောက်ဦးတွင် အရေးယူဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ခြင်းတို့ကြောင့် ကျူးကျော်များမှာ တစ်နှစ်ထက်တစ်နှစ်ပိုများလာခဲ့ပြီး ရှေးဟောင်းနယ်မြေများလည်း ပျောက်ကွယ်လာခြင်းဖြစ်သည်ဟုလည်း မြို့ခံများက ဆိုသည်။

ကျူးကျော်များကို ဖယ်ရှားသည့်အခါ ပထမအဆင့်အနေဖြင့် သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ဝန်းကျင်အနီးရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်ဖြစ်သည်။ ထို့နောက် သကျမာန်အောင်၊ ရတနာ့မာန်အောင်စေတီတော်များအနီးအနားရှိ ကျူးကျော်များ၊ အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ချောင်း၊ မြောင်း များအား အိမ်ရာဖော်ထားခြင်းများကို တဆင့်ချင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြောက်ဦးယူနက်စကိုဝင်ရေး၊ ကျူးကျော်ဖယ်ရှားခြင်းတို့အား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်ပြီးလုပ်ကိုင် နေခြင်းဖြစ်သည့်အတွက် လိုအပ်လာပါက ရခိုင်ပြည်အစိုးရအဖွဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG ကိုပြောသည်။

“ အဓိက ဒါတွေအားလုံးကို ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်နေတာဖြစ်တယ်။ အဲတာကို အားတစ်ခုအနေနဲ့ ကျနော်တို့က လိုအပ်ရင် ပူးပေါင်းဆောင်ရွက်သွားမယ်ပေ့ါ။ ကျနော်တို့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး အသေးစိတ်မသိဘူး ” ဟု ၎င်းက ဆိုသည်။

ယခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့မှာ ရှေးဟောင်းမြောက်ဦးမြို့ကို နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ  (International Council on Monuments and Sites – ICOMOS) အဖွဲ့မှ  ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ၂၀၂၃ခုနှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကောင်မတီမှ ယူနက်စကိုစာရင်း ဝင်၊ မဝင်ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။