ရခိုင်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။

28 Jul 2021

DMG | ဇူလိုင် ၂၈

ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားအကောင်းဆုံးဖြစ်နေသောကြောင့် မိုးရွာသွန်းမှုများမှာ နောက်နှစ်ရက်အထိ ရှိနေနိုင်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိကာလက မိုးလယ်ကာလဖြစ်တယ်။ နောက်ပြီး အခုအချိန်မှာ မုတ်သုံရဲ့အားက အမြင့်ဆုံးကိုရောက်နေတယ်။ မုတ်သုံအားကောင်းတော့ လေဖိအားနည်းရပ်ဝန်းတွေဖြစ်လာတယ်။ ဒီနှစ်ခုက အပြန်အလှန်ဆက်စပ်နေတာပဲ။ လက်ရှိမှာ ရွာနေတဲ့မိုးတွေကတော့ လေဖိအားနည်းရပ်ဝန်းကြောင့်လို့ပြောရမှာပါပဲ” ဟု ဦးလှထွန်းက ရှင်းပြသည်။

နောက်နှစ်ရက်ခန့်အထိ ရခိုင်ပြည်နယ်တွင် မိုးပိုနိုင်ပြီး ဒေသလိုက်နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရွာနှုန်းပြည့်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က သံတွဲမြို့မိုးရေချိန်မှာ ၁၅ ဒသမ ၂၈ လက်မထိရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က စံချိန်တင်ခဲ့သည့် မိုးရေချိန် ၁၃ ဒသမ ၇၈ လက်မကိုကျော်ကာ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ မိုးရေချိန် စံချိန်သစ်တင်ခဲ့သည့် သံတွဲမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ လူအများအပြား ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း သံတွဲမြို့မှ သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက မိန့်သည်။

“ဒီတခါက ကြုံတောင်ကြုံခဲရေကြီးတာ။ အချို့နေရာအနိမ့်ပိုင်းတွေမှာဆိုရင် ဆယ့်ငါးပေလောက်အထိ ရေတက်ခဲ့တယ်။ ရေတခါမှမတက်ဖူးတဲ့ အမြင့်နေရာတွေမှာတောင် ရင်စို့လောက်အထိ ရေတက်ခဲ့တယ်” ဟု ဆရာတော်ကမိန့်သည်။

ထို့အပြင် လက်ရှိတွင် နေရာအချို့၌ ရေပြန်ကျနေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာပါက ရေများထပ်မံတက်လာမည်ကို စိုးရိမ်မိကြောင်းကိုလည်း သံတွဲဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ထက်ဝက်ခန့်မှာလည်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေကြရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆိုသည်။

“ရခိုင်မှာ စစ်ဘေးရှောင်စခန်း တစ်ရာကျော်လောက်ရှိတယ်။ မြောက်ဦး ၊မင်းပြား၊ မြေပုံ စတဲ့ဘက်တွေမှာ တော်တော်များများမြုပ်နေတယ်။ ရသေ့တောင်ဘက်တွေမှာလည်းမြုပ်နေတယ်လို့ သိရတယ်။ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းဘက်တွေမှာလည်း မြုပ်တယ်လို့သိရတယ်။ စာရင်းအတိအကျတွေကို ထပ်ပြီးကောက်နေသေးတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်များမှာ အလှူရှင်နည်းပါးလာခြင်းကြောင့် မိုးများဆက်လက်ပိုလာပါက စစ်ဘေးရှောင်များ၏ စားဝတ်နေရေးများ ပိုမိုအခက်တွေ့လာမည်ကို စိုးရိမ်မိကြောင်းကိုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။