မင်းပြားမြို့နယ် နဂရာကျေးရွာ၌ ကောက်လှိုင်းစည်းများမီးရှို့ခံရမှုဖြစ်စဉ်တွင် သံသယရှိသူတစ်ဦးကို အေအေကခေါ်ယူစစ်ဆေးနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာ(မွတ်ဆလင်)ကျေးရွာမှလယ်သမားတစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ခေါ်ဆောင်စစ်ဆေးနေကြောင်း ယင်းကျေးရွာသားများထံမှ သိရသည်။

29 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာ(မွတ်ဆလင်)ကျေးရွာမှလယ်သမားတစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ခေါ်ဆောင်စစ်ဆေးနေကြောင်း ယင်းကျေးရွာသားများထံမှ သိရသည်။

နဂရာ(မွတ်ဆလင်)ကျေးရွာမှ ဦးလူမာလာသိန်းပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)တစ်ထောင်ကျော်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ညပိုင်းက မီးရှို့ခံခဲ့ရပြီး နဂရာကျေးရွာအုပ်စု၊ ဆရာဥ(မွတ်ဆလင်)ကျေးရွာမှ သံသယရှိသူအီလီယာ(၂၅)နှစ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် AA ကစစ်ဆေးရန်ခေါ်ဆောင်သွားကြာင်း နဂရာ(မွတ်ဆလင်)ကျေးရွာတာဝန်ခံ ဦးလူဘီအာလော်ကပြောသည်။

“အခုခေါ်စစ်ဆေးနေသူနဲ့ ကောက်လှိုင်းစည်းတွေမီးရှို့ခံရတဲ့ သူက စကားအချေအတင်များခဲ့ဖူးတယ်။ လူမာလာသိန်းရဲ့စပါးတွေကို အခုစစ်ဆေးခံနေရသူရဲ့ နွားကစားလို့ စကားအချေအတင်ဖြစ်ခဲ့ကြတာ"ဟု နဂရာကျေးရွာတာဝန်ခံကပြောသည်။

စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ဖျက်ဆီးခံရသည့် ဦးလူမာလာသိန်းမှာ ဦးမောင်လှစိန်ဆိုသူပိုင်ဆိုင်သည့်လယ်မြေကို ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကို အဖြစ်မှန်ဖော်ထုတ်စစ်ဆေးပေးစေလိုကြောင်း နဂရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောသည်။

“ကျနော်တို့ကတော့ အမှန်တရားကိုဖော်ထုတ်ပေးစေချင်ပါတယ်။ ကျနော်တို့အုပ်စုမှာ မွတ်ဆလင်ရော၊ ရခိုင်ရော အကုန်လုံးရှိတယ်။ ဆိုတော့ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သံသယလည်းမဖြစ်စေချင်ဘူး“ဟု ၎င်းကဆိုသည်။

နဂရာကျေးရွာအုပ်စုတွင် ရခိုင်ကျေးရွာ ၅ ရွာ၊ ဒိုင်းနက်ကျေးရွာ ၂ ရွာ၊ မာရာမာကြီးတစ်ရွာနှင့် မွတ်ဆလင်ကျေးရွာ ၃ ရွာ၊  စုစုပေါင်းကျေးရွာ ၁၁ ရွာရှိသည်။

မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ လယ်သမားဦးမောင်စောထွန်းပိုင်ဆိုင်သည့် နွားငါးကောင်၏ခြေထောက်များကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယရှိသူလေးဦးကို ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်းလည်း နွားပိုင်ရှင်ထံမှသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒကျေးရွာမှ မွတ်ဆလင်နှစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံခဲ့ရသည်။

ရခိုင်ပြည်တွင် ယခုလအတွင်း စပါးရိတ်သိမ်းခြွေလှေ့စက် မီးရှို့ဖျက်ဆီးခံရမှုနှင့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရမှုဖြစ်စဉ်အပြင် အခြားထူးခြားသည့်ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ရခိုင်တွင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား အဖွဲ့အစည်း တစ်ခုခုက နောက်ကွယ်မှကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများအနေဖြင့် လူမျိုးရေးနှင့် ဘာသာရေးပြဿနာများကို သတိထားစောင့်ကြည့်နေထိုင်ကြရန် ရခိုင်နှင့် မွတ်စလင်ကျောင်းသားအဖွဲ့အစည်း(၃)ဖွဲ့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။