AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပလက်ဝဒေသခံနှစ်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်

ပလက်ဝမြို့နယ် မြို့မရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးနှင့်ဆယ်အိမ်မှူးတစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)အား ငွေကြေးထောက်ပံ့ကူညီသည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ -၅၀၅ (က)ဖြင့် ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းက သိရသည်။

By Admin 23 Nov 2022

AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပလက်ဝဒေသခံနှစ်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်

ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးအနက် ဦးမောင်မဲကျော့အားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG | နိုဝင်ဘာ ၂၃

ပလက်ဝမြို့နယ် မြို့မရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးနှင့်ဆယ်အိမ်မှူးတစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)အား ငွေကြေးထောက်ပံ့ကူညီသည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ -၅၀၅ (က)ဖြင့် ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းက သိရသည်။

ထောင်ဒဏ်ချမှတ်ခံရများမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဆယ်အိမ်မှူး ဦးမောင်မဲကျော့ (၅၇ နှစ်)နှင့် ရာအိမ်မှူး ဦးမောင်ဝင်း(၆၀ နှစ်)တို့ ဖြစ်သည်။

၄င်းတို့ကို နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးမောင်မဲကျော့၏ သမီးဖြစ်သူ မခိုင်အေးကပြောသည်။

“ကျမ အမေဖုန်းဆက်လာတော့ သမီးရယ် နင့်အဖေကို ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်ဆိုပြီး ငိုပြီးပြောတာ။ နောက်ထပ် ဘာမှမေးလို့မရတော့ဘူး။ ငိုပဲငိုနေတယ်။ အဲတော့ ကျမလည်း ဘယ်တတ်နိုင်မလဲ စိတ်ကိုတင်းထားဆိုပြီးပြောပေးရတာပေါ့။ ဦးမောင်ဝင်းရောပဲ နှစ်ယောက်လုံးကို အဲဒီပုဒ်မနဲ့ ၃ နှစ်စီ ချလိုက်တာ”ဟု သူကပြောသည်။

ဦးမောင်မဲကျော့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ ည ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်သို့ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဦးမောင်ဝင်းကိုလည်း ဇွန်လ ၈ ရက်နေ့က နေအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့သို ဖမ်းဆီးပြီးနောက် သူတို့နှစ်ဦးကို ဇွန်လ ၂၉ ရက်နေ့တွင် ပလက်ဝမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့ကာ ဇူလိုင်လ ၁၃ ရက်နေ့၌ ပလက်ဝမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ် ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ တရားရင်ဆိုင်စဉ်တွင် ၄င်းတို့နှစ်ဦးမှာ ငွေကြေးမရှိသောကြောင့် ရှေ့နေငှားရမ်းကာ ရင်မဆိုင်ခဲ့ရကြောင်း သိရသည်။

“ကျမအဖေကို ဖမ်းတဲ့အခါလည်း စစ်ကြောရေးမှာနှိပ်စက်တာ လက်တစ်ဖက် လှုပ်လို့တောင်မရဘူး။ ဖမ်းပြီးစစ်ဆေးတာ တစ်လကျော်ကြာတယ်။ ပြီးရင် ရုံးချိန်းတစ်နှစ်နီးပါး တက်ရတယ်။ အခုလည်း ထောင် ၃ နှစ် ချလိုက်တယ်ဆိုတော့ ကျမအနေနဲ့ ဘယ်လိုမှ တရားမျှတတယ်လို့ မထင်ဘူး။ သူတို့ စစ်ဆေးတဲ့အခါမှာလည်း အဖေ့အနေနဲ့ အပြစ်မရှိတဲ့အတွက် ဘာတစ်ခုမှဝန်ခံခဲ့တာမရှိဘူး”ဟု မခိုင်အေးကပြောသည်။

အဆိုပါ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးတို့မှာ ရက္ခိုင့်တပ်တော်ကို ငွေကြေးကောက်ခံ ထောက်ပံ့ပေးသည်ဟုဆိုကာ ပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးအသိုင်းအဝိုင်းမှ အတည်ပြုသည်။

ပလက်ဝဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး ဒေသခံအချို့မှာလည်း ဖမ်းဆီးခံရမှုများရှိနေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဦးချစ်စံ (၆၈နှစ်)ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ -၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။