- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောနှင့် ပလက်ဝတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လက်ရှိ နေရာအနှံ့တွင်စစ်ရေးတင်းမာမှုများရှိနေပြီး ရခိုင်ပြည်နယ်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
01 Sep 2022
DMG ၊ စက်တင်ဘာ ၁
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လက်ရှိ နေရာအနှံ့တွင်စစ်ရေးတင်းမာမှုများရှိနေပြီး ရခိုင်ပြည်နယ်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တစ်လနီးပါး တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောသည်။
“လောလောဆယ်တော့ မောင်တောဖက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နောက်ပြီးတော့ ပလက်ဝအထက်ဘက် အိန္ဒိယနယ်စပ်နားမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ တိုက်ပွဲ ဆက်တိုက်ဖြစ်နေတာကတော့ ပလက်ဝမြို့ရဲ့အောက်ဖက် နှမဒါကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ မောင်တောနှင့် ပလက်ဝမြို့နယ်တိုက်ပွဲများတွင် မြန်မာစစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။
မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် သြဂုတ်လ (၂)ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး (သြဂုတ်လ ၃၁ ရက်)က စစ်ကောင်စီ၏ မိုင်တိုင်(၄၀)အနီးရှိ စခန်းကို သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အလားတူ သြဂုတ်လ ၃၁ ရက် နေ့လည်ပိုင်းတွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနောက်ဖက် မီတာ ၅၀၀ ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၀ ဦးကျဆုံးပြီး ယနေ့ညနေပိုင်းအထိ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AA ကဆိုသည်။
ယနေ့(စက်တင်ဘာ ၁ ရက်) မွန်းလွဲ ၁ နာရီခန့်ကလည်း မိုင်တိုင် ၄၀ အနီးကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရကြောင်း မောင်တောလွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းကပြောသည်။
“ဒီနေ့ မွန်းလွဲ ၁ နာရီလောက်ကလည်း မိုင်တိုင် ၄၀ အနီးကို မြန်မာစစ်တပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ဗုံးကြဲတာကတော့ မိနစ် ၂၀ လောက်ကြာတယ်။ ပြင်းပြင်းထန်ထန်ရှိတယ်လို့ ဒေသခံတွေပြောကြတယ်”ဟု ၎င်းကဆိုသည်။
ယင်းအပြင် ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးရှိ တောင်တန်းတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများကိုကြားရကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ဒီနေ့လည်း လက်နက်ကြီးပစ်သံတွေကြားရတယ်။ ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းက လက်နက်ကြီးတွေလှမ်းပစ်တာ ၆ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲဖြစ်သံတွေလည်း ကြားရတယ်။ အခုလည်း လက်နက်ကြီးပစ်သံတွေကြားနေရပါတယ်”ဟု ပလက်ဝမြို့ပေါ်ရှိ ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်း၍မရသဖြင့် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် တစ်နှစ်ကျော်ကြာတိုက်ပွဲများ ရပ်တန့်နေခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် နှစ်ဖက်စစ်ရေးတင်းမာလာပြီး လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။