- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လျှပ်စစ်ထုတ်စက်ရုံ ဆက်လက်ဆောက်ပါက ဒေသခံများတောင်းဆိုချက်ကို Power China ကုမ္ပဏီ ရှင်းလင်းရန်လိုအပ်
ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသည့် လျှပ်စစ်ထုတ်စက်ရုံကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံများ တောင်းဆိုထားသည့် အချက် ၆ ချက်ကို Power China ကုမ္ပဏီအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
04 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၄
ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသည့် လျှပ်စစ်ထုတ်စက်ရုံကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံများ တောင်းဆိုထားသည့် အချက် ၆ ချက်ကို Power China ကုမ္ပဏီအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဓာတ်အားထုတ်စက်ရုံကို Power China ကုမ္ပဏီမှ ယခုနှစ်အစောပိုင်းတွင် စတင်တည်ဆောက်နေခြင်းဖြစ်သည်။
ရှင်းလင်းရန် လိုအပ်သော အချက်များမှာ ကျောက်ဖြူချောင်းပိတ်ဆို့ထား၍ ကျေးရွာများ ရေနစ်မြှုပ်မှု မဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်ခြင်း၊ လယ်ယာမြေများ ရေဖုံးလွှမ်းမှုနှင့် ရွှံ့မြေများ မဖုံးလွှမ်းရေးကို မည်ကဲ့သို့ ဆောင်ရွက်ခြင်း၊ ကျေးရွာအတွက်ပေးအပ်မည့် CSR စီမံချက်ကို ပွင့်လင်းစွာချပြခြင်းနှင့် စွန့်ပစ်အမှိုက်များကို မည်ကဲ့သို့ ဆောင်ရွက်ခြင်း၊ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးလာနိုင်သည့် တံတားများ မပျက်စီးစေရန် မည်ကဲ့သို့ ဆောင်ရွက်ခြင်း စသည်တို့ကို ရှင်းလင်းရန်လိုအပ်နေခြင်း ဖြစ်သည်။
ဒေသအခေါ် ကျောက်ဖြူချောင်းအား ပိတ်ဆို့ပြီး စက်ရုံတည်ဆောက်နေသည့်အတွက် ချောင်းအထက်ရှိ အုန်းတော၊ ကုန်ဘောင်၊ ဆိပ်ချောင်းပြင်ကျေးရွာတို့နှင့် ၎င်းတို့ပိုင်ဆိုင်ကြသည့် လယ်ယာမြေများ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးသွားမည်ကို ရွာသားများက စိုးရိမ်နေကြသည်။
အုန်းတောကျေးရွာဒေသခံ ကိုထွန်းစိုးက "ကျနော်တို့ အစည်းအဝေး ဆုံဖြတ်ချက်အရ Power china ကုမ္ပဏီက မိုးရာသီအတွင်း ဖြစ်လာမဲ့ အကျိုးဆက်တွေဖြစ်တဲ့ အချက် ၆ ချက်ကို သေချာရှင်းပြဖို့ လိုအပ်တယ်။ အဲတာကို ကျနော်တို့ အစိုးရထံမှာလဲ တင်ပြတောင်းဆိုဖို့ရှိတယ်။ အဲဒီ အချက်တွေကို ကျနော်တို့နဲ့ သဘောတူညီမှုရှိပြီး လုပ်မယ်ဆို လုပ်လို့ရမယ်။ ဒါမှမဟုတ် မရှင်းဘူး မရဘူးဆိုရင်တော့ ဗဟိုအထိ တက်မှာဖြစ်သလို ဆန္ဒပြတောင်းဆိုမှုတွေလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ကုမ္ပဏီဖက်မှ ဒေသခံများကို ခေါ်ယူကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရုံးတွင် တင်ပြရှင်းလင်းခဲ့သော်လည်း စီမံကိန်းလုပ်ဆောင်နေခြင်းကို သေချာ မရှင်းလင်းခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။
" လက်ရှိ သူတို့ လုပ်ဆောင်နေတာတွေ အကုန်လုံးက ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဒီစီမံကိန်း စတာကိုလည်း ဘယ်ဒေသခံတွေမှ မသိလိုက်ဘူး။ အခုလည်း ဒေသခံတွေကို ၇၅ ရာခိုင်နှုန်း အလုပ်ပေးထားပါတယ်လို့ ဖေဖဝါရီလ ၂ ရက်နေ့ အစည်းအဝေးမှာ ပြောသွားတယ်။ ကျနော်တို့ သွားပြီး လေ့လာကြည့်တဲ့အခါ အလုပ်သမား ၃၀၀ လောက်မှာ ဒေသခံ ၅၀ လောက်ဘဲ ပါတယ်။ ဒီလုပ်ငန်းက ဒေသခံတွေအတွက် ဘာအလုပ်အကိုင်အခွင့်အလမ်းမှ ရမယ်ဆိုတာ မမြင်မိဘူး။ ” ဟု ဦးဖိုးစံက ဝေဖန်သည်။
ယင်းအပြင် လျှပ်စစ်ထုတ်စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို မည်သို့လုပ်ဆောင်မည်ကို ယင်းနေ့အစည်းအဝေးတွင် ရွာသားများ မေးမြန်းခြင်းအပေါ် ရှင်းလင်းပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံမှာ ၂ နှစ်အတွင်း တည်ဆောက်ပြီးစီးမှာဖြစ်ပြီး အစိုးရအနေဖြင့် လျှပ်စစ်ထုတ်လုပ်ခွင့် သက်တမ်း ၂၅ နှစ် ပေးအပ်ထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။