- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိရှိ
စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ လွတ်မြောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရသိရသည်။
23 Oct 2021
DMG ၊ အောက်တိုဘာ ၂၃
စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ လွတ်မြောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရသိရသည်။
စစ်ကောင်စီက ထိုသို့ပြန်လည်ဖမ်းဆီးနေသည့်အတွက် လွတ်ြမောက်လာပြီးနောက်တိမ်းရှောင်နေရသူများလည်းရှိပြီး ပြန်လည်ဖမ်းဆီးခံရသူအရေအတွက်မှာလည်း ယခုစာရင်းထက်ပိုများနိုင်ကြောင်း AAPP က အောက်တိုဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဖမ်းဆီးထားသူများကို လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးခြင်းမှာ လွတ်မြောက်လိုသည့်မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။
“လွတ်မြောက်ပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း ဒါမှမဟုတ် မိသားစုနဲ့ နာရီပိုင်းလောက်နေပြီး ထပ်မံဖမ်းဆီးခံရခြင်းဟာ ကာယကံရှင်နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေရစေပါတယ်။ တနည်းအားဖြင့် အဲဒီလုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှင်းပင်းနှိပ်စက်မှုပင်ဖြစ်တယ်”ဟု AAPP က ထုတ်ပြန်ထားသည်။
ဆန္ဒပြမှုကြောင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ ၁၃၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော်လည်း၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသောပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီမှလွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့်နှောင်ကြိုးဖြင့်သာ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အကျဉ်းထောင်အတွင်းမှလွှတ်ပေးခဲ့သော်လည်း စစ်မှန်သောလွတ်မြောက်ခြင်းမဟုတ်ကြောင်း AAPP ကဆိုသည်။
“အဲဒီလုပ်ရပ်ဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် AAPP အနေနဲ့ ကျူးလွန်သူစစ်အုပ်စုကို ပြင်းထန်စွာရှုံ့ချလိုက်တယ်”ဟု ဆိုသည်။
AAPP အနေဖြင့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတစ်ဝှမ်းဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးနှင့် စစ်ကောင်စီအားအပြစ်အပေးအရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီကို ထိရောက်စွာအရေးယူမှုဆောင်ရွက်ရန် တိုက်တွန်းထားသည်။
စစ်ကောင်စီမှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ ရက်ပေါင်း (၂၆၄)ရက်တာကာလအတွင်း စစ်အာရှင်ဆန့်ကျင်မှုကြောင်း ဖမ်းဆီးခံရသူ ၉၁၅၁ ဦးနှင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၁၈၆ ဦးအထိရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPမှ ကောက်ယူထားသည့် စာရင်းများအရသိရသည်။