- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဧရာဝတီတိုင်းတွင် ဆန်စက်တချို့ရပ်နားမှုကြောင့် အလုပ်သမားများ စားဝတ်နေရေးအခက်ကြုံလာရ
ဧရာဝတီတိုင်းတွင် ဆန်စက်တချို့ရပ်နားထားမှုကြောင့် ယင်းစက်ရုံများကိုမှီခိုကာ အလုပ်လုပ်ကိုင်နေကြသည့် လုပ်သားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံတွေ့လာရကြောင်း သိရသည်။
29 Jul 2022
DMG ၊ ဇူလိုင် ၂၉
ဧရာဝတီတိုင်းတွင် ဆန်စက်တချို့ရပ်နားထားမှုကြောင့် ယင်းစက်ရုံများကိုမှီခိုကာ အလုပ်လုပ်ကိုင်နေကြသည့် လုပ်သားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံတွေ့လာရကြောင်း သိရသည်။
စစ်ကောင်စီမှ နိုင်ငံခြားဒေါ်လာငွေနှုန်းထားများ ကန့်သတ်ထားမှု အကျိုးဆက်အဖြစ် ဧရာဝတီတိုင်းမှ ပြည်ပသို့ဆန်တင်သွင်းမှုများကို ယာယီရပ်နားထားရသည့်အတွက် စပါးဝယ်ယူမှုများရပ်တန့်သွားပြီး ဆန်စက်များရပ်နားထားသည်မှာ တလခွဲကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ပုသိမ်မြို့ရှိ ဆန်စက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အဓိက ဒေါ်လာငွေတွေ ကန့်သတ်ခံရတော့ ဧရာဝတီက ပြည်ပကိုပို့မယ့်ဆန်တွေ တင်သွားတာ အခုယာယီရပ်လိုက်ရတယ်။ အဲဒါကြောင့် စပါးအဝယ်ရပ်လိုက်ရတယ်။ အဲတော့ ဆန်စက်တွေကိုလည်း ပိတ်သွားတာ တစ်လခွဲကျော်အထိရှိသွားပြီ”ဟု ပုသိမ်မြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးကပြောသည်။
ထိုသို့ ဆန်စက်များ ပိတ်ထားရသည့်အတွက် ၎င်းတို့ကိုမှီခိုနေကြသည့် ဆန်ကြိတ်ခွဲပေးခြင်း၊ စပါးသယ်ပေးခြင်း စသည့်လုပ်သားအများစုမှာ လက်ရှိအချိန်၌ အလုပ်လက်မဲ့ဖြစ်လာနေပြီး စားဝတ်နေရေးအခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း ဆန်စက်လုပ်သားများထံမှ သိရသည်။
“ဆန်စက်တွေပိတ်တာ တစ်လခွဲကျော်လောက်ရှိလာပြီ။ ဆန်စက်တွေကိုမှီခိုနေရတဲ့ လုပ်သားတချို့ဆို အလုပ်မဲ့ဖြစ်သွားရတာ အများကြီးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲကို မသိတော့ပါဘူး။ အရမ်းကို ဒုက္ခရောက်ရပါတယ်”ဟု ဖျာပုံမြို့မှ ဆန်လုပ်သားတစ်ဦးကဆိုသည်။
ထို့အပြင် ဗဟိုဘဏ်မှ ဒေါ်လာငွေကြေးနှုန်း သတ်မှတ်ချက်ဖြင့် လှဲလယ်နေရမှုကြောင့် ဆန်ကုန်သည်များမှာအရှုံးပေါ်နေပြီး အချိန်ကာလတစ်ခုကြာအထိ ပြည်ပသို့ ဆန်တင်သွင်းမှုမှာ ယာယီရပ်တန့်နေမည်ဖြစ်ကြောင်း ပြည်ပဈေးကွက်စီးပွားရေး သုတေသနပြုလုပ်နေသူတစ်ဦးက ထောက်ပြသည်။
“ပြည်ပကို ဆန်တင်သွင်းဖို့အတွက် ဒေါ်လာငွေကန့်သတ်ခံရတာနဲ့ သတ်မှတ်ထားတဲ့နှုန်းအတိုင်းသာ လှဲလှယ်ခိုင်းတယ်။ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ လဲလို့ ဗဟိုဘဏ်ကသတ်မှတ်တယ်။ တကယ်တမ်း အပြင်မှာ တစ်ဒေါ်လာကို ၂၅၀၀ ကျော်နေပြီ။ အဲတော့ ဧရာဝတီက ပြည်ပကိုဆန်ပို့တဲ့ သူတွေ အရှုံးပေါ်ကုန်တယ်။ အခုလိုအခြေအနေနဲ့က ဆန်ပို့ပေးဖို့ အချိန်တစ်ခုကြာလောက်ကို ယာယီရပ်နေအုံးမှာပါ”ဟု ပြည်ပ ဈေးကွက်စီးပွားရေးသုတေသနပြုလုပ်သူတစ်ဦးက ထောက်ပြသည်။
ဧရာဝတီတိုင်းအတွင်း ပြည်ပသို့ တင်သွင်းရန် ဆန်များပို့ဆောင်နေသော ဆန်စက်အများဆုံးရှိရာ ပုသိမ်၊ ဖျာပုံ၊ ဘိုကလေး၊ မြောင်းမြနှင့် မအူပင်မြို့နယ်တို့ရှိ ဆန်စက်များ ပိတ်ထားရသည်မှာ တစ်လခွဲခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်များထံမှသိရသည်။