ရခိုင်တွင်တည်ဆောက်ဆဲ တံတားကြီး ၈ စင်းအနက် ၄ စင်းကို ယခုနှစ်အတွင်း အပြီးဆောက်ရန်လျာထား

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တည်ဆောက်နေသော (ပေ ၂၈၀ မှ ပေ ၃၀၀ အထက်)အရှည်ရှိသည့် တံတားကြီး(၈)စင်းအနက် (၄)စင်းကို ယခု ၂၀၂၂ နှစ်ဝက် မီနီဘတ်ဂျက်ငွေဖြင့် ပြီးစီးအောင်ဆောက်ရန လျာထားကြောင်း ပြည်နယ်တံတားဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

29 Apr 2022

DMG ၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တည်ဆောက်နေသော (ပေ ၂၈၀ မှ ပေ ၃၀၀ အထက်)အရှည်ရှိသည့် တံတားကြီး(၈)စင်းအနက် (၄)စင်းကို ယခု ၂၀၂၂ နှစ်ဝက် မီနီဘတ်ဂျက်ငွေဖြင့် ပြီးစီးအောင်ဆောက်ရန လျာထားကြောင်း ပြည်နယ်တံတားဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါတံတားများမှာ ကျောက်တော်မှ ယိုးချောင်းတံတား၊ မြေပုံမှ ပြွန်ရှည်တံတား၊ မောင်တောမှ ကြိမ်ချောင်း-ဂုပ္ပီလမ်းရှိ တံတားအမှတ်(၈)၊ ပေါက်တောမှ ငပြီကြီးတံတား၊ ရသေ့တောင်လမ်းရှိ ကာမေချောင်းတံတား၊ စစ်တွေမှ ဝါဘိုချောင်းကူးတံတား၊ ပေါက်တောမှ လက်ပံပြားလမ်းရှိ ဘောဒါချောင်းတံတားနှင့် ပုဏ္ဏားကျွန်းမှ တန်းခိုးတံတားတို့ဖြစ်ကြောင်း သိရသည်။

တံတားများကို အကြမ်းအားဖြင့် ကျပ်သန်းခုနစ်ထောင်ကျော်အကုန်ကျခံ ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်က DMG သို့ ပြောသည်။

“ဒီနှစ်ဘတ်ဂျတ်နဲ့ ဘေလီတံတားဖြစ်တဲ့ ပြွန်ရှည်တံတား၊ မောင်တောခရိုင်ဘက်က တစ်စင်းနဲ့ ကာမေချောင်း တံတားတို့ဆို ဒီနှစ်အပြီးဆောက်လုပ်သွားမယ်”ဟု ဦးမင်းခိုင်ကဆိုသည်။

ယခုနှစ်တွင် ပြွန်ရှည်တံတား၊ တံတားအမှတ်(၈)၊ ငပြီကြီးချောင်း တံတားနှင့် ကာမေချောင်းတံတားတို့ကို အပြီးတည်ဆောက်မည်ဖြစ်ကာ မြောက်ဦးမှ ကလကတံတားနှင့် ပုဏ္ဏားကျွန်းမှ တံတားတစ်စင်းတို့ကို ထပ်မံဆောက်လုပ်ရန်လျာထားကြောင်းလည်း သိရသည်။

“နောက်ထပ် ကလကတံတားနဲ့ အိုင်ဒင်က တံတားတစ်စင်းကို လျာထားတယ်။ ဒါပေမယ့် ကျနော်တို့က ကွင်းဆင်းပြီးသွားကြည့်ရဦးမှာ၊ တကယ်လို့ ကွင်းဆင်းပြီးလေ့လာလို့ ပေ ၃၀၀ နဲ့မရရင် ပြန်ပြင်တင်ပြရတာတွေလည်း ရှိဦးမှာဖြစ်တယ်”ဟု ဦးမင်းခိုင်က ရှင်းပြသည်။

ယခုနှစ် ခြောက်လစာမီနီဘတ်ဂျတ်ဖြင့် ယိုးချောင်းတံတားအတွက် ကျပ်သန်း ၁၀၀၀၊ ပြွန်ရှည်တံတားအတွက် ကျပ်သန်း ၄၅၂၊ တံတားအမှတ်(၈)အတွက် ကျပ်သန်း ၄၀၀၊ ငပြီကြီးချောင်းတံတားအတွက် ကျပ်သန်း ၅၀၊ ကာမေချောင်းတံတားအတွက် ကျပ်သန်း ၅၀၊

ဝါဘိုချောင်းကူးတံတားအတွက် ကျပ်သန်း ၁၀၀၊ ဘောဒါချောင်း တံတားအတွက် ကျပ်သန်း ၁၀၀၊ တန်းခိုးတံတားအတွက် ကျပ်သန်း ၁၀၀ တို့ကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ကျေးလက်ရန်ပုံငွေတို့မှ အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်တံတားဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်က လမ်းတံတားလုပ်ငန်းဆောင်ရွက်ရန် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ၇၅၂၅၅ ဒဿမ ၃၄၁ ကျပ်သန်း သုံးစွဲခဲ့ကြောင်းလည်း ပြည်နယ်တံတားဦးစီးဌာနမှ သိရသည်။