ရခိုင်တွင် သင်္ဘောသီးဈေးကွက် ရှိသော်လည်း စိုက်ပျိုးသူနည်းပါးနေသေး

ရခိုင်ဒေသက သင်္ဘောသီးထွက်ရှိသော်လည်း ပြည်နယ်အတွင်းစားသုံးရန်အထိ လုံလောက်မှုမရှိသောကြောင့် လိုအပ်သည့် သင်္ဘောသီးများကို ပြည်မဘက်က မှာယူတင်သွင်းနေရသည်။

By Admin 24 Jan 2023

ရခိုင်တွင် သင်္ဘောသီးဈေးကွက် ရှိသော်လည်း စိုက်ပျိုးသူနည်းပါးနေသေး

 

DMG ၊ ဇန်နဝါရီ ၂၄

သီးပင်စားပင်တစ်မျိုးဖြစ်သည့် သင်္ဘောသီးမှာ ရခိုင်ပြည်အတွင်း ဈေးကွက်ရှိပြီး ဈေးကောင်းရရှိနေသော်လည်း စိုက်ပျိုးသူ နည်းပါးနေသေးကြောင်း သင်္ဘောသီးပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

ရခိုင်ဒေသက သင်္ဘောသီးထွက်ရှိသော်လည်း ပြည်နယ်အတွင်းစားသုံးရန်အထိ လုံလောက်မှုမရှိသောကြောင့် လိုအပ်သည့် သင်္ဘောသီးများကို ပြည်မဘက်က မှာယူတင်သွင်းနေရသည်။

ရခိုင်တောင်သူများမှာ သင်္ဘောသီးဈေးကွက်ကို မသိရှိခြင်း၊ နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးခြင်းထက် ဆောင်းသီးနှံ စိုက်ပျိုးမှုကို ပိုပြီးအားစိုက်ကြသည့်အတွက် သင်္ဘောသီးပင်စိုက်ပျိုးသူ နည်းပါးနေသေးခြင်းဖြစ်သည်ဟု လက်ရှိသင်္ဘောသီးပင် စိုက်ပျိုးနေသူများကပြောသည်။

“အရင်ကလည်း ကျနော်စိုက်တယ် အခုလည်း စိုက်တယ်။ ကြားတွေမှာလည်း အကုန်သွင်းပြီးတော့စိုက်တယ်၊ မြေကို အလွတ်မထားတော့ဘူး။ အဲလို မြေကိုအလွတ်မထားဘဲနဲ့ မြေရှိတဲ့လူတွေ စိတ်ပါဝင်စားလို့စိုက်ရင် ပြည်ကလာတဲ့ဟာကို မလိုတော့ဘူး။ ဒါကို ကျနော်တို့က အားပေးချင်တယ်။ ရခိုင်ပြည်မှာရှိတဲ့လူတွေ တောင်ယာနားမှာ တောင်နားမှာရှိတဲ့လူတွေ၊ ဒါမှမဟုတ် မြေဧရိယာရှိတဲ့လူတွေကို ဒီသင်္ဘောပင် စိုက်ကြပါလို့ အားပေးချင်တယ်”ဟု ဆယ်နှစ်ကျော်ကြာ သင်္ဘောပင်စိုက်ပျိုးလာသည့် စစ်တွေမြို့က ဦးကျော်ထွန်းစိန်ကပြောသည်။

လက်ရှိ ရခိုင်ဈေးကွက်တွင် သင်္ဘောသီးအစိမ်းတစ်လုံးကို ငွေကျပ် ၃၀၀ မှ ၅၀၀ အထိဈေးရရှိပြီး သင်္ဘောသီး အမှည့်တစ်လုံးကို တစ်ထောင်ကျပ်မှ အရွယ်အစားပေါ်မူတည်ပြီး ငါးထောင်ကျပ်အထိရရှိကြောင်း သင်္ဘောသီးပင်စိုက်ပျိုးသူများထံမှ သိရသည်။

သင်္ဘောသီးပင်များမှာ နှစ်ရှည်သီးပင်များဖြစ်သော်လည်း အရင်းအနှီးနည်းပါးပြီး အမြတ်ငွေရရှိသည့်အတွက် စိုက်ပျိုးရအဆင်ပြေသည်ဟု စစ်တွေမြို့ မင်းဂံအကွက်(၁၃)ရပ်ကွက်က တပိုင်တနိုင်သင်္ဘောသီးပင်စိုက်ပျိုးနေသည့် ဦးကျော်လှက ပြောသည်။

“တပိုင်တနိုင်ပေါ့။ ဥပမာ- စစ်တွေမြို့မှာရှိတဲ့ ဈေးကွက်လောက် အဲဒီဈေးကွက်တွေကိုသွားပြီးတော့ ရောင်းနေပါတယ်။ အခုကျနော်တို့မှာ စိုက်ထားတဲ့ဟာတွေဆို ရောင်းလို့ရတယ်။ အရောင်းသွက်ပါတယ်”ဟု ၎င်းကဆိုသည်။

သင်္ဘောသီးပင်များမှာ စတင်စိုက်ပျိုးချိန်မှ အချိန်ခြောက်လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး အပင်သက်တမ်း ရှည်ကြာသည့်အတွက် သုံးနှစ်အထိခူးဆွတ်နိုင်ကြောင်း သင်္ဘောသီးပင်စိုက်ပျိုးသူများကပြောသည်။

လက်ရှိ ရခိုင်တွင်စိုက်ပျိုးကြသည့် သင်္ဘောသီးပင်များမှာ ဒေသရင်းမျိုးစေ့နှင့် စိုက်ပျိုးရေးမျိုးစေ့ နှစ်မျိုးရှိပြီး ယင်းမျိုးများမှာ ရခိုင်ဒေသနှင့် ကိုက်ညီသောကြောင့် စိုက်ပျိုးဖြစ်ထွန်းသည်ဟု သင်္ဘောသီးပင်စိုက်ပျိုးသူများထံမှ သိရသည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးဒေသဖြစ်သောကြောင့် မိုးများပြီး လေပြင်းတိုက်ခတ်ခြင်းများရှိသဖြင့် သင်္ဘောပင်များကို စနစ်တကျစိုက်ပျိုးရန် နည်းပညာများလိုအပ်နေသေးသည်ဟု ကျောက်ဖြူမြို့၊ ကန္ဒီးကျေးရွာမှ သင်္ဘောသီးပင်စိုက်ပျိုးနေသည့် ကိုသန်းစိုးကပြောသည်။

“ရခိုင်မှာက မိုးများတယ်ဆိုတော့ အပင်လဲတာတွေ၊ အပင်အမြစ် ပုပ်တာတွေက ရေဓာတ်များရင် ဖြစ်တယ်။ အဲဒါကတော့ နောက်ပိုင်းမှာ တချို့ဆိုရင် မြေဘောင်တင်တဲ့နည်းလမ်းတွေနဲ့ မြောင်းကိုရေလွှဲတဲ့ နည်းလမ်းတွေနဲ့တော့ စိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်၊ ကျနော်တို့ လက်ရှိကြုံနေရတာကတော့ အဲလိုမျိုး ရေဝရင် အပင်ပုပ်တယ်၊ အပင်လဲတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း သင်္ဘောသီးကို ဟင်းလျာအဖြစ်စားသုံးကြသလို ယိုးဒယား သင်္ဘောသီးထောင်း၊ ရိုးရာသင်္ဘောသီးထောင်း စသည့် သရည်စာအဖြစ် စားသုံးကြသည့်အပြင် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးယိုအဖြစ်နှင့်ပါ စားသုံးကြသည်။

ဒေသတွင်း ဈေးကွက်အာမခံချက်ရှိပြီး အကျိုးအမြတ်လည်းရရှိသောကြောင့် သင်္ဘောသီးပင်များကို ပြည်တွင်းဖူလုံအောင် စိုက်ပျိုးကြရန် လက်ရှိသင်္ဘောသီးစိုက်ပျိုးသူများက တိုက်တွန်းကြသည်။

#I008

ဗီဒီယိုများ