ရခိုင် - ဧရာဝတီ နယ်စပ်ဂိတ်နှင့် ကျေးရွာများတွင် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်

ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းအစပ် ဗေဒါစစ်ဆေးရေးဂိတ်၊ ဂွ - ငါးသိုင်းချောင်းလမ်းမကြီးနှင့် ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် အင်အားတိုးချဲ့ပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။ 

By Admin 26 Jun 2024

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ - MNP) 
ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ - MNP) 

DMG ၊ ဇွန် ၂၆ 

သံတွဲ၊ တောင်ကုတ်တိုက်ပွဲများကြောင့် ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ်ရှိ ကျေးရွာများနှင့် နယ်စပ်ဂိတ်များတွင် စစ်ကောင်စီက စစ်ဆေးရေး ပိုမိုတင်းကြပ်လာကြောင်း DMG သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းအစပ် ဗေဒါစစ်ဆေးရေးဂိတ်၊ ဂွ - ငါးသိုင်းချောင်းလမ်းမကြီးနှင့် ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် အင်အားတိုးချဲ့ပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။ 

“ဂိတ်အဝင်အထွက်ကို ပုံမှန်စစ်ဆေးတာထက် ပိုပြီးတင်းကြပ်လာတယ်။ တစ်ယောက်ကိုစစ်ရင် တစ်နာရီလောက်ကြာတယ်။ ၁၁/ ဆိုရင် ပိုပြီးတော့ မေးမြန်းတယ်။ အလုပ်အကိုင်၊ ဘယ်ကိုသွား၊ ဘာကြောင့်သွား စတဲ့ အကြောင်းတွေပါတယ်။ အချက်အလက်တွေ အပြည့်အစုံပါရင်လည်း ထိုင်စောင့်ခိုင်းထားတာရှိတယ်။ အခုရက်ပိုင်းအတွင်း ပိုဆိုးလာတာပါ” ဟု ငါးသိုင်းချောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ထိုသို့ တင်းကြပ်စွာစစ်ဆေးနေ၍ ခရီးသွားလာရာတွင် ပုံမှန်ထက်ကြန့်ကြာခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များတွင် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောကြသည်။ 

ဂွဒေသခံ အမျိုးသားတစ်ဦးက “စစ်ဆေးမှုတွေများတော့ သွားရလာရတာ အဆင်မပြေဘူး။ အပြစ်မရှိပေမယ့်လည်း မလုံခြုံသလို ခံစားရတယ်။ ပုံမှန် တစ်နာရီကြာတဲ့ခရီးက သုံးနာရီလောက်ကြန့်ကြာတဲ့ အနေထားတွေရှိတယ်” ဟု ပြောသည်။ 

ဧရာ၀တီတိုင်းအတွင်းမှ ရခိုင်ပြည်နှင့်ထိစပ်နေသော ငါးသိုင်းချောင်း၊ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းစစ်ဆေးနေပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ဧရာဝတီအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ စစ်ကြောင်းများသည် ဂွ၊ သံတွဲနှင့် တောင်ကုတ်ဘက်သို့ စစ်ကူဖြည့်တင်းမှုများရှိကြောင်း မျက်မြင်များက ပြောသည်။ 

ဂွဒေသခံ အမျိုးသားတစ်ဦးက “ဂွမှာလည်း စစ်အင်အားဖြည့်တယ်။ ဒီကဖြတ်ပြီးတော့ တောင်ကုတ်၊ သံတွဲဘက်ကို စစ်ကူပေးဖို့သွားတဲ့ စစ်ကောင်စီကားတွေကိုလည်း မကြာမကြာ တွေ့ရပါတယ်” ဟု ဆိုသည်။ 

ဂွအခြေစိုက် ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းများတွင် စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းကာ တပ်ခြံစည်းရိုးအနီးတွင် မိုင်းထောင်ခြင်း၊ ကတုတ်ကျင်းတူးခြင်းများပြုလုပ်ကာ ခံစစ်ပြင်ဆင်ထားကြောင်း ‌ဒေသခံများက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန်ခုခံနေရသည်။ 

“တောင်ပိုင်းမှာတိုက်ပွဲပြင်းနေတော့ တစ်မြို့ပြီးတစ်မြို့လာတော့မယ်ဆိုတာ စစ်ကောင်စီက သိနေတယ်။ ဆိုတော့ ခံစစ်အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်။ ဧရာဝတီဘက်ကနေ AA နဲ့ PDF တွေ ဝင်လာနိုင်တဲ့အတွက် ကြိုတင်လုပ်ထားတာ။ ဧရာဝတီဘက်မှာ AA တွေ ရှိနိုင်တယ်ဆိုတဲ့သံသယနဲ့ ပိုပြီး စစ်ဆေးနေတာဖြစ်တယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစ၍ AA သည် ပလက်ဝနှင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားသည်။ 

ရခိုင်တပြည်လုံးကို သိမ်းပိုက်သွားမည်ဟု အာရက္ခတပ်တော်က ကြေညာထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူကို တိုက်ခိုက်နေပြီး ဂွ၊ မာန်အောင်နှင့် စစ်တွေတွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ဗီဒီယိုများ