- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စိုင်းဒင်ရေတံခွန်တွင် အမှိုက်စွန့်ပစ်မှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်လာ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်သို့ အပန်းဖြေခရီးသည်များ လာရောက်မှုများလာသဖြင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်မပျက်စီးစေရန် အမှိုက်စွန့်ပစ်မှုကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း ဒေသခံများနှင့် စိုင်ဒင်တံခွန်လူငယ်ပရဟိတအသင်းတို့က ပြောဆိုကြသည်။
14 Dec 2021
DMG ၊ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်သို့ အပန်းဖြေခရီးသည်များ လာရောက်မှုများလာသဖြင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်မပျက်စီးစေရန် အမှိုက်စွန့်ပစ်မှုကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း ဒေသခံများနှင့် စိုင်ဒင်တံခွန်လူငယ်ပရဟိတအသင်းတို့က ပြောဆိုကြသည်။
ယခင်နှစ်များက တိုက်ပွဲနှင့် ကိုဗစ်လှိုင်းဒဏ်များကြောင့် စိုင်းဒင်ရေတံခွန်သို့ လာရောက်လည်ပတ်သူနည်းပါးခဲ့သော်လည်း ယခုအချိန်တွင် နိုင်ငံရေးအခြေအနေတည်ငြိမ်လာသဖြင့် အပန်းဖြေခရီးသွားလာရောက်သူ များပြားလာခဲ့သည်။
“အခုနှစ်က အရင်နှစ်ထက် အလည်လာသူပိုများတယ်။ ရုံးပိတ်ရက်တွေဆို လာလည်တဲ့သူအရေအတွက်က ရာနဲ့ချီရှိတယ်။ ဘူးသီးတောင်မှာ ဝန်ထမ်းတွေများတော့ ရုံးပိတ်ရက်ဆို အပန်းဖြေလာတဲ့သူပိုများတယ်”ဟု ဘူးသီးတောင်ဒေသခံ ကိုအောင်ဌေးက ပြောသည်။
ရေတံခွန်သို့ လာရောက်အပန်းဖြေသူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်အတွက် အမှိုက်ပုံးများထားရှိခြင်း၊ စနစ်တကျအမှိုက်စွန့်ပစ်ရန် ဆိုင်းဘုတ်များဖြင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်ဒင်တံခွန်လူငယ်ပရဟိတအသင်း ဒုဥက္ကဋ္ဌ ကိုညီညီစိုးက DMG ကိုပြောသည်။
“အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ အသိပညာပေးလုပ်ငန်းတွေကိုလုပ်ဆောင်သွားမယ်။ စက်လှေသမားတွေကိုလည်း မြစ်ထဲမှာ အမှိုက်မစွန့်ပစ်ဖို့ လှေသမားတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်လည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်းက ဇီးရွာ၊ ပြင်ချောင်း၊ မြိုမချောင်း၊ ကင်းတောင်၊ သရက်ပြင်၊ ကြာညိုပြင်၊ ဖုံညိုလိပ်၊ ဒုံသိမ် စသည့် ကျေးရွာပေါင်း ၈ ရွာမှာ စိုင်းဒင်ရေတံခွန်မှရေကို အဓိကထားအသုံးပြုနေရသဖြင့် အပန်းဖြေခရီးသည်များလာချိန် အမှိုက်စွန့်ပစ်မှုများလာပါက ရေမသန့်မရှင်းဖြစ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
အဆိုပါကျေးရွာများမှ ဒေသခံအချို့မှာလည်း စိုင်းဒင်ရေတံခွန်သို့ လာရောက်အပန်းဖြေသူများကိုအားထားပြီး ဈေးဆိုင်များဖွင့်လှစ်ရောင်းချမှုများလည်းရှိသည်။
“စိုင်းဒင်ရေတံခွန်ကိုလာရောက်တဲ့ ခရီးသွားတွေအနေနဲ့ ကိုယ့်အမှိုက်ကိုယ် ပြန်ယူသိမ်းဆည်းသွားမယ်ဆိုပိုကောင်းတာပေါ့” ဟု ဘူးသီးတောင်မြို့တွင်နေထိုင်သူ ဦးအောင်ချေကပြောသည်။
စိုင်းဒင်ရေတံခွန်မှာ ဘူးသီးတောင်မြို့၏ အရှေ့ဖက် ၁၀ မိုင်အကွာတွင်တည်ရှိပြီး ဘူးသီးတောင်မှ ကင်းချောင်းကျေးရွာသို့ ကုန်းလမ်းဖြင့်သွားရောက်ကာ ကင်းချောင်းကျေးရွာမှတစ်ဆင့် ရေလမ်းခရီးဖြင့် သွားရောက်ရသည်။
ရခိုင်ပြည်နယ်မှ အလှပဆုံးရေတံခွန်အဖြစ် သတ်မှတ်ထားကြသော စိုင်းဒင်ရေတံခွန်မှာ ဝါးသုံးပြန်ကျော်ခန့်အမြင့်ရှိပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရေစီးဆင်းလျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။