ရာသီဥတု ဖောက်ပြန်မှုကြောင့် ရခိုင်သို့ ဆောင်းခိုငှက် ဝင်ရောက်မှုနည်းနေ

ရာသီဥတုဖောက်ပြန်မှုနှင့် ငှက်မျိုးစိတ်များ ကျက်စားရာဒေသ ရှားပါးလာသည့်အတွက် ယခုနှစ် ဆောင်းဦးရာသီမှာ ရခိုင်သို့ ဆောင်းခိုငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားမှု နည်းပါးလာကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

By Admin 13 Dec 2022

ရာသီဥတု ဖောက်ပြန်မှုကြောင့် ရခိုင်သို့ ဆောင်းခိုငှက် ဝင်ရောက်မှုနည်းနေ

စစ်တွေကမ်းခြေတွင် ဆောင်းခိုငှက်များအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၃

ရာသီဥတုဖောက်ပြန်မှုနှင့် ငှက်မျိုးစိတ်များ ကျက်စားရာဒေသ ရှားပါးလာသည့်အတွက် ယခုနှစ် ဆောင်းဦးရာသီမှာ ရခိုင်သို့ ဆောင်းခိုငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားမှု နည်းပါးလာကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်များက ဆောင်းဦးကာလတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၅၀ နှင့် ၁၀၀ ကြားတွင် ဝင်ရောက်ကျက်စားခဲ့ကြသော်လည်း ယခုနှစ် ဆောင်းရာသီမှာ ငှက်မျိုးစိတ် ၃၀ ဝန်းကျင်ခန့်သာ တွေ့ရသေးကြောင်း သိရသည်။

မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရခိုင်မှာ ငှက်မျိုး စိတ်တွေ အများကြီး ရှားပါးလာတယ်။ သူတို့နေထိုင်ကျက်စားတဲ့နေရာ ဆုံးရှုံးသွားတာတွေ၊ နောက်တစ်ခုက အခုလို ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ပေါ့။ တစ်နှစ်ထက်တစ်နှစ် ဆောင်းခိုငှက်တွေဝင်ရောက်မှု နည်းလာတာပါ။ အရင်နှစ်တွေကဆို ဒီဇင်ဘာလရောက်ရင် ဆောင်းခိုငှက်မျိုးစိတ်တွေ စုံနေပြီပေါ့နော်။ အခုနှစ်မှာတော့ လုံးဝ နည်းနေတယ်ပေါ့ ” ဟု ဆိုသည်။

ဆောင်းခိုငှက်မျိုးစိတ်မှာ အအေးပိုင်းရာသီတွင် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ကျွန်းများသို့ အနယ် နယ် အရပ်ရပ်မှ ယာယီပြောင်းရွေ့ပြီး လာရောက်ကျက်စားကြသည့် ငှက်မျိုးစိတ်များဖြစ်သည်။ ၎င်းငှက်မျိုးစိတ်များမှာ မြန်မာနိုင်ငံသို့ နိုဝင်ဘာမှ ဇန်နဝါရီလအထိ ဝင်ရောက်ကျက်စားကြပြီး ဖေဖော်ဝါရီလမှ စတင်ကာ မူလနေထိုင်ရာ ဒေသဆီကို ပြန်လည်ပျံသန်းသွားကြလေ့ရှိသည်။

သို့သော်လည်း ယခုနှစ်တွင် ရေဖိအားနည်းရပ်ဝန်းနှင့် ပင်လယ်ထဲတွင် မကြာခဏ မုန်တိုင်းဖြစ်ပေါ်မှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ကာ ကမ္ဘာကြီးပူနွေးလာမှုများကြောင့် ရာသီဥတု ဖောက်ပြန်လာရ ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“ဘာကြောင့် အခုလို ဖြစ်လာတာလဲဆိုတော့ စက်ရုံအလုပ်ရုံတွေ များလာတယ်။ သစ်ပင်တွေကို ခုတ်လှဲလာကြပြီး သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာတယ်။ လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ များလာတော့ ကမ္ဘာကြီး ပူနွေးလာတယ်။ ဆိုတော့ ရာသီဥတုတွေလည်း ဖောက်ပြန်တာပေါ့ ” ဟု ၎င်းက ပြောသည်။

ထိုသို့ ရာသီဥတုဖောက်ပြန်ခြင်းများအား ကာကွယ်ရန်အတွက် သဘာဝန်ပတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဦးလှထွန်းက တိုက်တွန်းထားသည်။

ယခုနှစ်မှာ ရာသီဖောက်ပြန်ခြင်းနောက်ဆက်တွဲအဖြစ် ဆောင်းရာသီတွင် အပူချိန်မြင့်လာခြင်းနှင့် ပင်လယ်ကျွန်း ဒီရေတောများကိုလည်း ထင်းအဖြစ် ခုတ်လှဲလာကြသည့်အတွက် ငှက်မျိုးစိတ်ဝင်ရောက်မှု နည်းနေခြင်းဖြစ်သည်။

ထို့အတူ ဆောင်ခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ရေညှောက် နှုတ်ဝိုင်းငှက်၊ နှုတ်တို နှုတ်ရှည်ငှက်၊ ရေပြာငှက်နှင့် တောငှက်များ ဖြစ်ကြသည့် ဇီးကွက် စသည့် ငှက်မျိုးစိတ် ၃၀ ခန့်မှာလည်း မျိုးတုန်းမည့် အရေးနှင့် ကြုံတွေ့နေရကြောင်း ပြောဆိုသည်။

ရခိုင်တွင် အဏ္ဏဝါအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့ နယ်ကြားရှိ ဧရိယာ( ၈၉၁၆ )ဧက ကျယ်ဝန်းသည့် နံ့သာကျွန်းမှာ ဇီဝ မျိုးစုံ မျိုးကွဲများစွာအတွက် အရေးကြီးကျက်စားရာ နေရာတစ်ခုလည်း ဖြစ်သည်။

နံ့သာကျွန်းတွင် ရေညှောက်နှုတ်ဝိုင်းငှက်မျိုးစိတ်ကို ၁၀ ကောင်ခန့်တွေ့ ရသော်လည်း တချို့ငှက်မျိုး စိတ်များကို လုံးဝ မတွေ့ရတော့ဘဲ မျိုးတုန်းမည့်အရေးနှင့် ကြုံတွေ့နေရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောဆိုကြသည်။

နံ့သာကျွန်းတွင် ကျက်စားနေထိုင်ကြသည့် ငှက်မျိုးစိတ်များကို သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်အတွက် ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက တိုက်တွန်းကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နေသူ ကိုရန်နောင်စိုးက “ ကျနော်တို့ကျွန်းမှာက ငှက်ထောင်ဖို့လာတဲ့သူတွေကို မလိုက်ဖမ်းနိုင်ဘူး။ ဧရိယာလည်း အရမ်းကျယ်တော့ ညဖက်ဆိုရင် လိုက်မမီဘူးပေါ့။ ကင်းလှည့်တာတွေ ပုံမှန်လုပ်တယ်။ တကယ်လို့ ငှက်ဖမ်းတဲ့သူတွေကို တွေ့ရင်လည်း ငှက်တွေကို မသတ်ဖြတ်ဖို့ အသိပညာပေးမှုတွေ လုပ်ပေးတာပေါ့။ ဒါပေမယ့်လည်း ညဘက်တွေမှာတော့ ခိုးထောင်ဖမ်းတာတွေ ရှိတာပေါ့ ” ဟု ၎င်းက ပြောသည်။

ယင်းကြောင့် ငှက်မျိုးစိတ်အများဆုံး ကျက်စားနေထိုင်ရာ နံ့သာကျွန်း၌ ငှက်များကို ထိန်းသိမ်းရန်အတွက် အစိုးရ၏ ပူးပေါင်းပါဝင်မှု အားနည်းနေသည်ဟုလည်း ဝေဖန်မှုများ ရှိနေကြသည်။