ကျောက်ဖြူ စနဲဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးထား

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံ ၈ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှာ (၇)ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးကို ကျောက်ဖြူမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် ဆက်လက်ထိန်းသိမ်းခံထားသည်ဟု သိရသည်။

29 Jul 2022

Photo- Wine

DMG ၊ ဇူလိုင် ၂၉

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံ ၈ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှာ (၇)ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးကို ကျောက်ဖြူမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် ဆက်လက်ထိန်းသိမ်းခံထားသည်ဟု သိရသည်။

စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် မြန်မာစစ်တပ်က ဒေသခံအမျိုးသမီးလေးဦးနှင့် အမျိုးသားလေးဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦးတို့ကို ဇူလိုင်လ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်များကပြောသည်။

လက်ရှိ ထိန်းသိမ်းခံနေရသူမှာ စနဲမြို့၊ စံပယ်ချောင်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုတင်မျိုးထွန်းဆိုသူဖြစ်သည်။ ၎င်းကို မည်သည့်အတွက်ကြောင့် ဆက်လက်ထိန်းသိမ်းထားသည်ကို မသိရှိရသေးပေ။ ပြန်လွတ်လာသူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှုရှိ၊မရှိကို မေးမြန်းပြီး ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

“အဓိကတော့ အေအေနဲ့ဆက်စပ်မှုတွေကို မေးတယ်။ ကျနော်တို့ကလည်း ကျနော်တို့မသိတဲ့ အကြောင်းအရာတွေကို မသိလို့ဘဲဖြေတယ်။ အခုလည်း အေအေနဲ့မဆက်စပ်ပါဘူးဆိုတဲ့ ခံဝန်တွေနဲ့ ပြန်လွှတ်ပေးလိုက်တာ”ဟု ၎င်းကဆိုသည်။

နောက်နောင် စစ်တပ်နှင့်သော်လည်းကောင်း၊ နိုင်ငံတော်နှင့်သော်လည်းကောင်း ဆန့်ကျင်ဖက်ပြုလုပ်သည့် အဖွဲ့အစည်းများအား ကူညီပံ့ပိုးခြင်း၊ ဆက်စပ်ခြင်း တစ်စုံတစ်ရာမလုပ်ဆောင်ပါကြောင်း ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသည့် နောက်ထပ်တစ်ဦးကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် လက်ရှိတွင် စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည်။ မြန်မာစစ်တပ်ဘက်ကလည်း ပြီးခဲ့သည့်ဇွန်လမှစတင်ကာ  ရခိုင်ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း ရဲနှင့်စစ်သား ၁၅ ဦးခန့်ကို ဖမ်းဆီးထားသည်ဟု သိရသည်။