ရခိုင်တွင် စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု မြင့်တက်နေဆဲ 

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)၏ လေ့လာစောင့်ကြည့်ချက်အရ ရခိုင်တွင် ဇွန်လ ၁ ရက်မှ ၇ ရက်ထိ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၉ ကြိမ်အထိကျုးလွန်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၉ ခုအနက် အများဆုံး ဖြစ်သည်။ 

By Admin 11 Jun 2024

စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဆင်ခေါင်းကျေးရွာ။ (ဓာတ်ပုံ - CJ)
စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဆင်ခေါင်းကျေးရွာ။ (ဓာတ်ပုံ - CJ)

DMG ၊ ဇွန် ၁၁

ရခိုင်ပြည်အတွင်း စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် ပြည်သူများအား ဦးတည်တိုက်ခိုက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်ထက် ပိုမိုကျူးလွန် လုပ်ဆောင်လျက်ရှိနေသည်။ 

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)၏ လေ့လာစောင့်ကြည့်ချက်အရ ရခိုင်တွင် ဇွန်လ ၁ ရက်မှ ၇ ရက်ထိ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၉ ကြိမ်အထိကျုးလွန်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၉ ခုအနက် အများဆုံး ဖြစ်သည်။ 

လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများမှာ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ဖြင့်ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးမှု တို့ဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်က ဖော်ပြသည်။ 

“ရခိုင်မှာ နယ်မြေအများအပြားကို အေအေက သိမ်းပိုက်ထိန်းချုပ်ထားပြီ။ ကျန်ရှိနေသေးတဲ့ နယ်မြေတွေကလည်း အခြေအနေမကောင်းတော့ဘူး။ စစ်ကောင်စီက သူတို့ဆုံးရှုံးမှုကိုဒီအတိုင်းလက်မခံဘူး။ ရတဲ့နည်းတဲ့ဖြိုဖျက်နေမှာ။ နောက်ဆုံး အားလုံးဆုံးရှုံးခဲ့ရင်တောင် ဒီနယ်မြေကို ရစရာမရှိအောင်လုပ်သွားမယ့် သဘောရှိတယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ 

ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၄ ရက်နှင့် ၅ ရက်အတွင်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၄ ဦး စုစုပေါင်း ၃၈ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။ 

“စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ တိုက်ပွဲမဖြစ်လည်း ပစ်တယ်။ တိုက်ပွဲဖြစ်ရင်လည်း ပစ်တယ်။ အရပ်သားနေတဲ့နေရာလို့ ခွဲခြားမှုမရှိတော့ဘူး။ အားလုံးကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်နေတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ ၇ လနီးပါးကြာမြင့်လာပြီး စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်တိုးလာနေသည်။ 

ဗီဒီယိုများ