- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပင်းပက်သံမဏိစက်ရုံကို ပိတ်သိမ်းရန် ပအိုဝ်းလူငယ်အစည်းအရုံး တောင်းဆို
ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်ကာ ရုရှားပိုင်ကုမ္ပဏီ Tyazhpromexport(TPE)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
05 Oct 2022
ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
DMG ၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ပင်းပက်သံမဏိစက်ရုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်နေသည့်အတွက် အမြန်ဆုံးပိတ်သိမ်းရန် ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်ကာ ရုရှားပိုင်ကုမ္ပဏီ Tyazhpromexport(TPE)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို ခေတ္တရပ်နားခဲ့သည်။ ယင်းနောက် ယခု ၂၀၂၂ ခုနှစ် သြဂုတ်လ(၃)ရက်နေ့တွင် ရှရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံပြီးနောက် စီမံကိန်းပြန်လည်စတင်ရန် အနီးအနားရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများကို အတင်းအကြပ် ရွှေ့ပြောင်းခိုင်းမှုများရှိကြောင်း ဒေသခံများကပြောသည်။
စက်ရုံစီမံကိန်းအနီးရှိ နမ့်ဆီးကျေးရွာသားတစ်ဦးက “ကျနော်တို့ ဒေသခံအများစုကတော့ စိုက်ပျိုးမြေမရှိတော့ စားမရ၊ အိပ်မရဖြစ်နေကြတယ်။ အတင်းအကြပ်ဖယ်ခိုင်းလိုက်တော့ နေဖို့အဆင်မပြေနိုင်တော့ဘူး။ ရှေ့ဆက် ဘယ်လိုလုပ်ကိုင်ရမလဲကို မသိတော့ဘူး”ဟု ပြောသည်။
ပင်းပက်သံမဏိစီမံကိန်းစတင်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ အနီးအနားရှိ ကျေးရွာ(၅၀)ကျော်မှ ဒေသခံဦးရေ (၂၀၀၀၀)ဝန်းကျင်မှာ အတင်းအကြပ် နေရာရွှေ့ပြောင်းခံခဲ့ရသည်။
ထိုစီမံကိန်း စတင်စဉ်ကတည်းက အနီးအနားကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီမံကိန်းကိုရပ်တန့်ထားရန် တောင်းဆိုခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ (၁၀)ဦးကျော်ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့သည်။
ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ နန်းကြည်က “စီမံကိန်းစတဲ့အချိန်မှာ အနီးအနားရှိကျေးရွာတွေမှာ မြေဆီလွှာခမ်းတာတွေ ဖြစ်ပေါ်ခဲ့တာရှိတယ်။ စက်ရုံက စွန့်ပစ်မှုတွေကြောင့် အနီးမှာစီးဆင်းနေတဲ့ မြစ်ရေညစ်ညမ်းတာတွေအထိ ဖြစ်ပေါ်လာတယ်။ အသုံးပြုလို့မရတော့တဲ့အထိ ဖြစ်ပေါ်ခဲ့တာရှိတယ်။ အခုလို အကျိုးဆက်တွေကြောင့် စီမံကိန်းကိုရပ်တန့်ဖို့ ပင်းပက် issue လို့ ခေါင်းစဉ်တပ်ပြီးတော့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာရှိတယ်”ဟု ၎င်းကပြောသည်။
ယင်းစီမံကိန်းမှ အမှိုက်များကို နမ့်တစ်ဘက်ချောင်းအတွင်းသို့ စည်းကမ်းမဲ့စွာစွန့်ပစ်မှုကြောင့် သောက်သုံးရေ ညစ်ညမ်းမှုဖြစ်ပေါ်စေကြောင်းနှင့် စက်ရုံတည်ဆောက်ရန်အတွက် ကျောက်တောင်များကို ဖြိုဖျက်ရာမှလည်း ကျောက်စကျောက်ခဲများ ကျေးရွာများအတွင်းကျရောက်မှုကြောင့် စိုက်ပျိုးမြေပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် စီမံကိန်းကို အမြန်ဆုံးရပ်တန့်ရန်လိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများက ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက “စက်ရုံစလိုက်တဲ့အချိန်ကစပြီးတော့ နမ့်တဘက်ချောင်းထဲကို သံတိုသံစတွေ၊ အခြားအညစ်အကြေးတွေကို စွန့်ပစ်တာ အဆိုးဆုံးဖြစ်နေတယ်”ဟု ပြောသည်။
ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို ပြန်လည်စတင်ခဲ့မှုကြောင့် တောင်ကြီးမြို့နယ် နမ့်စီးကျေးရွာအုပ်စုအပါအဝင် နမ့်တဘက်ချောင်းနှင့် သံလွင်မြစ်အနီးရှိ ကျေးရွာပေါင်း(၁၀၀)ကျော်မှ လူဦးရေ (၃၅၀၀၀)ခန့် အခြေချနေထိုင်သည့် ဟိုပုန်းလွင်ပြင်ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ ရေအရင်းအမြစ် ပျက်စီးစေမှုတို့ကြောင့် ဒေသခံများအတွက် အကျိုးမပြုသော အကြီးစား ရင်းနှီးမြုပ်နှံမှုနှင့် စစ်ကောင်စီအကျိုးပြု စီမံကိန်းများကိုရပ်ဆိုင်းရန် ပအိုးလူငယ်အစည်းအရုံး(PYO)က တောင်းဆိုထားသည်။