ရခိုင်တွင် လမ်းတံတားဖြတ်သန်းကြေးများကို စတင်ကောက်ခံ

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့သော လမ်းတံတားဂိတ်ကြေးများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်ကောက်ခံလာသည်။

10 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၀

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့သော လမ်းတံတားဂိတ်ကြေးများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်ကောက်ခံလာသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် လမ်းတံတားဖြတ်သန်းကြေးများကို လက်ရှိမှာ စတင်ကောက်ခံနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

သံတွဲခရိုင်အတွင်းမှ သံတွဲ-ဂွလမ်းဂိတ်တွင် ဂိတ်ကြးကောက်ခံနှုန်းထားမှာ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ၁၀၀ ကျပ်ဖြင့်အနိမ့်ဆုံးဖြစ်သည်။ အခြားဘီးအမျိုးအစားအလိုက် ဂိတ်ကြေးကောက်ခံမှုကွာခြားပြီး အမြင့်ဆုံးဂိတ်ကြေးမှာ ၂၂ ဘီးတွဲကား နောက်တွဲပါကုန်တင်ယာဉ်များကို ၁၉၀၀ ကျပ်အထိ ဂိတ်ကြေးကောက်ခံရန် သတ်မှတ်ထားသည်ကို တွေ့ရသည်။

သံတွဲမြို့မှ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးသောင်းထွန်းက "ဂိတ်ကြေးက အသွားတစ်ရာ၊ အပြန်တစ်ရာပေးရတယ်။ ဂိတ်တွေက မြို့အထွက်တွေမှာလုပ်ထားတာ။ တစ်ထောင်တန် အငှားတစ်ကြောင်းရရင် ဂိတ်ကြေးက ၂၀၀ ကုန်တယ်၊ ဆီက ၅၀၀ ကုန်တယ်။ ကိုယ့်အတွက် ၃၀၀ ဘဲကျန်တယ်"ဟု ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်း၊ တံတားအသုံးပြုကြေးကောက်ခံသည့် ဂိတ်(၁၆၀)ဂိတ်ကို ပယ်ဖျက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းသို့ပယ်ဖျက်သည့်ဂိတ်များထဲတွင် ရခိုင်ပြည်နယ်အတွင်းက (၁၈)ဂိတ်ပါဝင်သည်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီက လမ်း၊ တံတားဂိတ်ကြေးများကို ပြန်လည်ကောက်ခံလာရာ ရခိုင်ပြည်နယ်အတွင်းက နေရာ ၁၀ ခုတွင် ဂိတ်ကြေးကောက်ခံရန်သတ်မှတ်ထားကြောင်း ပြည်နယ်စစ်ကောင်စီက ဆိုသည်။

လက်ရှိ ဂွမြို့နယ်အတွင်းတွင်လည်း ဂိတ်ကြေးကောက်ခံလျက်ရှိရာ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ၂၀၀ ကျပ် ပေးဆောင်ရကြောင်း ဂွမြို့နယ်မှ သုံးဘီးဆိုင်ကယ်မောင်းနှင်းသူ ကိုမြင့်ကပြောသည်။

"တစ်ခေါက်ကို ၂၀၀ ပေးနေရတော့ အဆင်မပြေဘူး။ မပေးချင်ဘူးပေါ့ဗျာ။ မကောက်တာကတော့ အကောင်းဆုံးပေါ့"ဟု ၎င်းကဆိုသည်။

လက်ရှိ လမ်းတံတားကြေးကောက်ခံခြင်းကြောင့် ယာဉ်စီးခဈေးနှုန်းများမြင့်တက်လာနိုင်ပြီး ပြည်သူများအခက်တွေ့လာနိုင်ကြောင်း သံတွဲမြို့နယ်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ  ထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ (မထသ) ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်ကပြောသည်။

"ဂိတ်ကြေးကောက်တာက လမ်းတွေကောင်းလို့ ဂိတ်ကြေးကောက်ရတာလဲမဟုတ်ဘူး။ ဂိတ်ကြေးကောက်တော့ ဆီးဈေးကလဲတက်နေ၊ ဂိတ်ကြေးတွေလဲပေးလာရတော့ ကားရှင်တွေက ကားဖိုးပိုကောက်ရမှာဖြစ်တယ်။ အဲဒါဆို ပြည်သူတွေဘဲ နစ်နာရမှာ ဖြစ်တယ်"ဟု ၎င်းကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လမ်း၊ တံတားအသုံးပြုခကောက်ခံသည့် ဂိတ်ပေါင်း ၃၀၀ ကျော်ရှိကြောင်း ၂၀၁၆ ခုနှစ်က ပြန်ကြာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။