- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘီလင်းနှင့် သထုံမြို့နယ်ကြားတွင် တိုက်ပွဲဖြစ်ပွား၍ ယာဉ်များပိတ်မိ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားတွင် ယနေ့(ဖေဖော်ဝါရီ ၃ ရက်) နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
03 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားတွင် ယနေ့(ဖေဖော်ဝါရီ ၃ ရက်) နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ခရီးသွားမော်တော်ယာဉ်များနှင့် ဒေသခံများမှာ ဘီလင်းမြို့နှင့် သထုံမြို့ကြားတွင် ပိတ်မိနေကြောင်းသိရသည်။
လက်ရှိအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး သေနတ်သံများနှင့် လက်နက်ကြီးပစ်သံများပါကြားသိနေရကြောင်း ဘီလင်းမြို့နေ ဒေသခံတစ်ဦးမှ DMG ကို ယနေ့ ညနေပိုင်းကပြောသည်။
"အခုအချိန်အထိကို လက်နက်ကြီးပစ်တဲ့အသံရော၊ သေနတ်ပစ်ဖောက်အသံပါကြားနေရတယ်။ ခရီးသွားယာဉ်တွေလည်းပိတ်မိနေတယ်လို့လဲကြားရပါတယ်"ဟု ၎င်းမှဆိုသည်။
ထိုတိုက်ပွဲပြင်းအထန်ဖြစ်ပွားမှုကြောင့် ဘီလင်းမြို့နယ်အခြေစိုက် ဇီးဝန်းကျေးရွာရှိအမှတ်(၃၁၄) အမြှောက်တပ်စခန်းနှင့် ပိန္နဲတောအခြေစိုက်တပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိနေကြောင်းလည်း ဒေသခံပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်အထိ မော်တော်ယာဉ်လိုင်းများပိတ်မိနေပြီး အချိန်မည်မျှကြာမြင့်မည်ကိုမသိရသေးကြောင်း ရန်ကုန်-မြဝတီ ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။
"လက်ရှိအချိန်အထိ ဖြစ်ပွားနေပါတယ်။ ကားတွေရော၊ ဒေသခံတွေရော အကုန်ပိတ်မိနေတာ။ သထုံ ၊ ဘားအံနဲ့ မော်လမြိုင် ဘက်ကလာတဲ့ ဘတ်ကားတွေရော၊ ဆိုင်ကယ်တွေပါ ပိတ်မိနေတာရှိနေပါတယ်။ တိုက်ပွဲက ဘယ်လောက်ကြာမလဲဆိုတာတော့မသိရသေးဘူး"ဟု ၎င်းမှဆိုသည်။
ယခုတိုက်ပွဲဖြစ်ပွားရာဒေသသည် ကေအန်ယူတပ်မဟာ(၁)နယ်မြေ အတွင်းတည်ရှိနေပြီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့များမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့် ဒီဇင်ဘာလတို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။