တောင်ကုတ်မြို့မှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသော တောင်ကုတ်မြို့တွင် ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က  နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွာကြောင်း ဒေသခံများထံမှသိရသည်။

18 Sep 2022

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တွေမြို့တွင် တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၈

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသော တောင်ကုတ်မြို့တွင် ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က  နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွာကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ချောင်းကောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းနေထိုင်သည့် အသက်(၅၂)နှစ်အရွယ် ဦးထွန်းချစ်နှင့် ဝက်ကျိတ်အုပ်စု၊ မှော်ဟင်းတောရပ်ကွက်မှ အသက်(၄၂)အရွယ် ဦးကျော်သောင်းတို့ဖြစ်သည်။ ဦးထွန်းချစ်ကို ယနေ့(စက်တင်ဘာလ ၁၈ ရက်) နံနက် ၂ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးကျော်သောင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဦးထွန်ချစ်ကို လာရောက်ဖမ်းဆီးစဉ် ရာအိမ်မှူး ဦးလူလူနှင့်အတူ ရဲသား(၄) ဦး၊ စစ်သား ၅ ဦးပါဝင်ပြီး နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

"ရာအိမ်မှူး ဦးလူလူပါ ပါလာတယ်။ မနက်(၂)နာရီကျော်လောက်မှာ လာဖမ်းတာဖြစ်တယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ ကျမတို့ကိုလည်း သေချာပြောမသွားဘူး။ အခုဘယ်မှာ ထားထားတယ်ဆိုတာကိုလည်း မသိရသေးဘူး"ဟု ၎င်းကဆိုသည်။

ဦးကျော်သောင်းကိုလည်း စက်တင်ဘာလ ၁၇ ရက်နေ့၊ ည(၈)နာရီခန့်က စစ်ကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"သူ့ကိုလာဖမ်းတုန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဘာတွေ ပါလာတာမတွေ့ဘူး။ စစ်ကားတစ်စီးနဲ့ လာတာဖြစ်တယ်။ စစ်တပ်အင်အားကတော့ ၂၀ ကျော်လောက်တော့ ပါမယ်ထင်တယ်။ ဘယ်တပ်ရင်းကလည်းဆိုတာကိုတော့ မသိလိုက်ရဘူး"ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ သွားရောက်မေးမြန်းသော်လည်း မသိရှိကြောင်းသာပြောဆိုခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

တောင်ကုတ်မြို့ချောင်းဝတွင် စက်တင်ဘာလ ၁၆ ရက်နေ့က မြန်မာစစ်တပ်၏ ထောက်ပို့ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ မြန်မာစစ်တပ်ဘက်က မြို့တွင်းတွင် စစ်ဆေးရေးတင်းကျပ်လျက်ရှိသည်။