- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တပ်ကဖမ်းဆီးသွားသည့် အမ်းဒေသခံတစ်ဦးကို တစ်လခန့်ကြာသော်လည်း မိသားစုမှအဆက်အသွယ်မရသေး
အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ ဒေသခံ တစ်ဦးကို သြဂုတ်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကာ ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
08 Sep 2022
DMG ၊ စက်တင်ဘာ ၈
အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ ဒေသခံ တစ်ဦးကို သြဂုတ်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကာ ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
ဖမ်းဆီးခံရသူမှာ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း(ခ)ဦးဥသြဆိုသူဖြစ်သည်။ ၎င်းကို အမ်းမြို့နယ် ညောင်ချောင်းမှ ထမ်းချောင်းသို့ မွတ်ဆလင်များသယ်ယူပို့ဆောင်နေသည်ဟု စွပ်စွဲကာ စစ်တပ်အင်အား ၄၀ ခန့်က လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
"ဖမ်းသွားတဲ့အချိန်ကတည်းက အခုအချိန်ထိ ဘယ်မှာထားတယ် ဆိုတာကိုလည်း မသိရတော့ ကျမတို့အရမ်းစိတ်ပူနေတယ်။ အခုဆို သူ့ကိုဖမ်းသွားတာ တစ်လပြည့်တော့မယ်။ သူမရှိတော့ လုပ်နေကျ တောင်ယာလုပ်ငန်းကိုလည်း မလုပ်ရဘူး။ စားဝတ်နေရေးလည်း တော်တော်အခက်အခဲဖြစ်နေပြီ"ဟု ဇနီးဖြစ်သူ ဒေါ်ခင်မာချိုကပြောသည်။
ဖမ်းဆီးခံထားရသည်မှာ အချိန်ကြာမြင့်လာနေပြီဖြစ်သည့်အတွက် ယောကျ်ားဖြစ်သူအား မည်သည့်နေရာတွင် ထားရှိသည်ကို သိရှိလိုကြောင်း ၎င်းကဆိုသည်။
ဦးတင်အုန်း(ခ)ဦးဥသြကို လာရောက်ဖမ်းဆီးခဲ့စဉ် ဗိုလ်မှူးတစ်ဦးမှ စစ်ဆေးမေးမြန်းမှုပြီးစီးပါက အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာအကြောင်းကြားလာခြင်း မရှိသေးဟု ယင်းကျေးရွာမှ ရာအိမ်မှူး ဦးသိန်းလှိုင်ကပြောသည်။
"လာဖမ်းတဲ့အခါ ပါလာသူ ဗိုလ်မှူးတစ်ယောက်ကတော့ ကျနော့်ကိုပြောတယ်။ သူတို့ စစ်ဆေးပြီးတဲ့အခါ အကြောင်းကြားမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ဘာမှအကြောင်းကြားလာတာ မရှိသေးဘူး။ မိသားစုတွေကလည်း သူ့ယောက်ျားဘယ်မှာရှိလဲဆိုတာကို စုံစမ်းခိုင်းတယ်။ ကျနော်လည်း တပ်ထဲကိုသွားပြီး မစုံစမ်းရဲဘူး။ မိသားစုတွေလည်း တော်တော် အခက်အခဲဖြစ်နေတယ် အစစအရာရာပေါ့"ဟု ၎င်းကပြောဆိုသည်။
ဦးတင်အုန်း(ခ)ဦးဥသြမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး စစ်တပ်ကစွပ်စွဲသကဲ့သို့ မွတ်ဆလင်များအား သယ်ယူပို့ဆောင်နေသည်မှာ မဟုတ်မှန်ကြောင်းကို လာရောက်ဖမ်းဆီးစဉ်ကပါလာသည့် ဗိုလ်မှူးအား အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ရာအိမ်မှူးက ဆိုသည်။
လက်ရှိ ယင်းဖမ်းဆီးခံရသူ၏အခြေအနေအားသိရှိနိုင်ရန် မြန်မာစစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်အား ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။