မြန်မာနိုင်ငံတွင် တိုက်ပွဲရပ်တန့်ဖို့ အာဆီယံတောင်းဆိုချက် အလုပ်ဖြစ်မလား

အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်မှာ ထိရောက်မည်မဟုတ်ဘဲ နိုင်ငံတကာက စစ်ကောင်စီ၏ စီးပွားရေးပိတ်ဆို့မှုကိုသာ ထိရောက်စွာ လုပ်ဆောင်သင့်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ 

By Admin 14 Oct 2024

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး။ ဓါတ်ပုံ - AFP
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး။ ဓါတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၃ 

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အရှေ့တောင်အာရှ ခေါင်းဆောင်များ၏ အာဆီယံထိပ်သီးညီလာခံက တောင်းဆိုထားသည်။

လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ - အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက်၌ တောင်းဆိုထားခြင်း ဖြစ်သည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်မှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။ 

“တိုက်ပွဲရပ်ဖို့က မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးလုပ်ဖို့လည်း အခုတိုက်ပွဲအခြေနေအရ မဖြစ်နိုင်ဘူး။ တရုတ်က စစ်တပ်ရဲ့ တရားဝင်ဖြစ်မှုကို ထောက်ခံနေတဲ့ပုံမျိုးဖြစ်နေတယ်။ စစ်ရေးအရ ထောက်ပံ့မှုတွေလည်း ရှိနေတယ်။ အဲဒါကြောင့် မြန်မာစစ်တပ်က အသက်ရှုပေါက်ရသွားတယ်လို့ ပြောလို့ရတယ်။ လက်ရှိ အာဆီယံကပဲ ဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံကပဲဖြစ်ဖြစ် အခုလိုတောင်းဆိုလို့ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ရခိုင်က ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးက ပြောသည်။ 

အာဆီယံထိပ်သီးညီလာခံသို့ အာဆီယံ (၁၀) နိုင်ငံအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယား သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ 

အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်မှာ ထိရောက်မည်မဟုတ်ဘဲ နိုင်ငံတကာက စစ်ကောင်စီ၏ စီးပွားရေးပိတ်ဆို့မှုကိုသာ ထိရောက်စွာ လုပ်ဆောင်သင့်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ 

“နိုင်ငံတစ်ခုကို အကုန်လုံးက ဝိုင်းဝန်းပြီး သပိတ်မှောက်မယ်၊ စီးပွားရေး၊ နိုင်ငံရေးအရ အသိမှတ်မပြုဘဲ ထားမယ်ဆိုရင် အခုလို စစ်ကောင်စီက မတောင့်ခံနိုင်ဘူး။ နိုင်ငံတကာက လေယာဉ်ဆီ၊ စစ်လက်နက်တွေကို လုံးဝ တင်သွင်းလို့မရအောင်၊ လှုပ်ရှားလို့မရအောင် လုပ်ဖို့လိုတယ်။ မဟုတ်ရင်တော့ မြန်မာပြည်မှာ ပြည်တွင်းစစ် ပိုပြီး အဓွန့်ရှည်လာနိုင်သလို ပြည်သူလူထုရဲ့ အသက်အိုးတွေလည်း ပိုပြီး ဆုံးရှုံးလာနိုင်တယ် ” ဟု အထက်ပါ ကျောင်းသားဟောင်းက ဆက်ပြောသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ သုံးပုံတစ်ပုံကျော် လူပေါင်း ၁၈.၆ သန်းခန့်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်းနှင့် ယင်းအခြေနေများကို ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ရန် အာဆီယံက တောင်းဆိုထားသည်။ 

အာဆီယံတောင်းဆိုချက်များမှာ အပြုသဘောဆောင်သော်လည်း စစ်ပွဲအတွင်း ပါဝင်ပတ်သက်သူများကို အကြံပြုခြင်း၊ ဖိအားပေးခြင်းများ လုပ်ဆောင်လျှင် ပို၍ထိရောက်မည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ 

“ဒီထက်နက်နက်ရှိုင်းရှိုင်း စစ်ပွဲအတွင်းမှာ ပါဝင်ပတ်သက်နေသူတွေကို အကြံပေးတာ၊ ဖိအားပေးတာတွေ လုပ်ရင် ပိုကောင်းမယ်။ အခုက အပေါ်ယံလောက်ပဲ ပြောတယ်။ အခုမြေပြင်ကိုကြည့်ရင်လည်း တိုက်ပွဲက ရပ်ဖို့အနေအထား မမြင်ဘူး” ဟု ရခိုင်ဒေသခံ စစ်ရေးနိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုများ အရပ်သားများကို နှိပ်စက်ညှဉ်းပန်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။  ထို့ကြောင့် မြန်မာနိုင်ငံမှ ပြည်သူများမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် နိုင်ငံတကာကို တောင်းဆိုမှုမျာ ရှိသော်လည်း လက်ရှိအချိန်အထိ ထိရောက်မှု တစ်စုံတစ်ရာ မရှိသေးပေ။

မြန်မာ့အရေး ကူညီဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့ကြီးသည် ၂၀၂၁ ခုနှစ်တည်းက ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မယ်မယ်ရရ အကောင်အထည် မပေါ်သေးပေ။