- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
17 Aug 2021
DMG ၊ သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် လက်နက်များကိုင်ဆောင်ထားသည့် မွတ်ဆလင်ငါးဦးမှ ပဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ၏ နေအိမ်တံခါးအားဖျက်ဆီးဝင်ရောက်ကာ အုပ်ချုပ်ရေးမှူးအား ဖမ်းဆီခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပန်းတောပြင်(မွတ်ဆလင်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါက "ဒီနေ့မနက်အာရုံ ၂ နာရီလောက်မှာ မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်လူ ၅ ဦးက သူ့နေအိမ်တံခါးကိုဖျက်ဆီးဝင်ရောက်ပြီးဖမ်းခေါ်သွားကြတယ်။ ဘယ်ကိုခေါ်သွားကြလဲ၊ ဘယ်သူတွေလဲဆိုတာတော့ ကျွန်တော်တို့မသိပါဘူး"ဟု DMG သို့ပြောသည်။
ယင်းဖြစ်စဉ်မှာ ပဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်သို့ အမည်မသိ မွတ်ဆလင်(၅)ဦးရောက်ရှိလာပြီး ၎င်းတို့လက်ထဲတွင် သေနတ်အတို (၂)လက်၊ အရှည် (၁)လက်၊ ဓါး(၂)ချောင်း ကိုင်ဆောင်ထားရှိကာ အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း၊ ယင်းနောက် အုပ်ချုပ်ရေးမှူး၏ ဇနီးအား ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ၎င်းတို့မိသားစု စုဆောင်းထားသည့် ရွှေဆွဲကြိုး (၁)ကုံး၊ ကလေးဝတ်ရွှေဆွဲကြိုး(၂)ကုံး၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ် (၆)ကွင်း၊ နားတောင်း(၁)ရံ၊ ရွှေဘယက်(၁)ခု၊ ရွှေလည်တုံ (၁)ခု၊ စုစုပေါင်း ရွှေအလေးချိန်ခန့်မှန်း(၄၀)ကျပ်သားနှင့် ဆန်နှင့် ဆီအချို့ကိုလည်း ယူဆောင်သွားပြီး အုပ်ချုပ်ရေးမှူးကိုလည်းခေါ်ဆောင်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား အမည်မသိလက်နက်ကိုင်ဆောင်ထားသူများမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိစ္စအား မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က "နယ်မြေလုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တပ်ရင်းတွေကို လိုက်လံရှာဖွေဖို့ ညွှန်ကြားထားတယ်" ဟု ပြောသည်။
ယခုနှစ် မေလ ၂၃ ရက်နေ့ကလည်း မောင်တောမြို့ နာရီစင်လမ်းရှိ ရတနာပရိဘောဂဆိုင်ရှင်နေအိမ်အား အမည်မသိလက်နက်ကိုင်ဆောင်ထားသူ ၄ ဦးမှဝင်ရောက်ကာ ဦးရော်ဖိတ်နှင့် ၎င်း၏သားဖြစ်သူ မာမောက်အာယာစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းသို့ဖမ်းဆီးခံရသူနှစ်ဦးထဲမှ ဖခင်ဖြစ်သူမှာ ဇွန်လ ၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဇွန်လ ၂၂ ရက်တွင် သားဖြစ်သူ လွတ်မြောက်လာခဲ့သည်။