ရခိုင်မှာ မြန်မာစစ်တပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာနှင့် ဒဂုံကျေးရွာအကြားတွင် ယနေ့(နေ့လယ် ၁၂ နာရီကျော်)က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အသေးစားတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

13 Apr 2022

DMG ၊ ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာနှင့် ဒဂုံကျေးရွာအကြားတွင် ယနေ့(နေ့လယ် ၁၂ နာရီကျော်)က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အသေးစားတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

မြေပုံ-မင်းပြားကားလမ်းရှိ ဝက်ခေါင်းကျေးရွာအနီးက ဆေးခန်းတစ်ခုအနီးတွင် မြန်မာစစ်တပ်မှအင်အား ၃၀ ခန့် ယာယီတပ်စွဲနေသည်မှာ ၃ ရက်ခန့်ကြာမြင့်နေပြီဖြစ်သည်။ ထိုစဉ် AA ဘက်မှသွားရောက်စဉ် ထိပ်တိုက်တွေ့ဆုံပြီး နှစ်ဖက်တိုက်ပွဲအသေးစားဖြစ်ပွါးခဲ့သည်ဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကဆိုသည်။

“အချိန် ၅ မိနစ်လောက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ လက်နက်ကြီး ၄ ချက်လောက်၊ လက်နက်ငယ်အချက် ၁၀ ကျော်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါတယ်။ ထိခိုက်သူ ရှိ၊မရှိတော့မသိဘူး"ဟု ၎င်းကဆက်ပြောသည်။

ယင်းသို့ လက်နက်ကြီး၊လက်နက်ငယ်သံများကြောင့် မင်းပြား-မြေပုံလမ်းတစ်လျှောက် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများလည်း စိုးရိမ်စိတ်မြင့်တက်နေကြသည်။

ဝက်ဂေါင်းကျေးရွာမှ အမည်မဖော်သည့်ဒေသခံတစ်ဦးက “သင်္ကြန်ကာလမှာ တိုက်ပွဲတွေဆက်ဖြစ်မလား၊ မဖြစ်လားဆိုတာကိုလည်း စိုးရိမ်နေကြတယ်။ ဖြစ်ပုံကတော့ ရည်ရွယ်ချက်ရှိရှိမဟုတ်ပဲ မတော်တဆဖြစ်သွားတာလည်းဖြစ်နိုင်တယ်"ဟု ပြောသည်။

သင်္ကြန်ကာလအတွင်း ယခုကဲ့သို့ တိုက်ပွဲဖြစ်နေသည့်အတွက် ဒေသခံများမှာ မြို့ပြင်၊ရွာပြင်မထွက်ပဲ စိုးရိမ်စိတ်မြင့်တက်နေကြသည်ဟု မြေပုံမြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုကို မလိုလားဟု ဒေသခံများကဆိုကြသည်။

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်မှ အနှောက်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။