လိပ်များကိုသတ်ဖြတ်ရောင်းချပါက ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်ထိချမှတ်နိုင်ကြောင်း မြောက်ဦးမှ လိပ်ရောင်းချသူများကို သတိပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ယာယီပြောင်းရွှေ့ရောင်းချနေသည့်ဈေးအတွင်း လိပ်များကိုသတ်ဖြတ်ရောင်းချသူများကို တွေ့ရှိရသဖြင့် ယင်းသို့သတ်ဖြတ်ရောင်းချပါက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်း ယမန်နေ့ သြဂုတ် ၃၀ ရက်နေ့က ဈေးအတွင်း လော်စပီကာများဖြင့် နှိုးဆော်သတိပေးခဲ့ကြောင်း သိရသည်။

31 Aug 2021

Photo - Hello Mrauk Oo page

DMG ၊ သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ယာယီပြောင်းရွှေ့ရောင်းချနေသည့်ဈေးအတွင်း လိပ်များကိုသတ်ဖြတ်ရောင်းချသူများကို တွေ့ရှိရသဖြင့် ယင်းသို့သတ်ဖြတ်ရောင်းချပါက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်း ယမန်နေ့ သြဂုတ် ၃၀ ရက်နေ့က ဈေးအတွင်း လော်စပီကာများဖြင့် နှိုးဆော်သတိပေးခဲ့ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ(က)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ဥပဒေတွင်ဖော်ပြထားသည့်အတိုင်း အသိပေးခဲ့ကြောင်း မြောက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပထမတော့ သူတို့သိချင်မှလည်း သိမယ်။ မသိလို့ရောင်းချနေကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ အခုလိုမျိုး အသိပေးလိုက်တော့ သူတို့အနေနဲ့လည်း သိသွားကြတယ်။ လိပ်တွေကို ဒီလိုမျိုးမသတ်ဖြတ်ကြဖို့ရယ်၊ မရောင်းဖို့ရယ်ပြောခဲ့တယ်။ လိပ်တစ်ခုတည်းမဟုတ်ပဲ တခြားတောရိုင်းတိရစ္ဆာန်တွေကိုလည်း အခုလိုမျိုးသတ်ဖြတ်ရောင်းချတာတွေ မလုပ်ဖို့ပြောခဲ့တယ်။ စားသုံးတဲ့သူတွေကိုလည်း ဒီတိရစ္ဆာန်တွေကို သနားညှာတာတဲ့အနေနဲ့ ဝယ်မစားဖို့နဲ့ လိပ်တွေရဲ့ အသက်ကို မစားသုံးခြင်းဖြင့် ကူညီပေးကြဖို့၊ အခုလိုမျိုး သတ်ဖြတ်ရောင်းချနေကြတော့ လိပ်မျိုးစိတ်တွေလည်း မျိုးတုန်းသွားလိမ့်မယ်ဆိုပြီးတော့အသိပေးခဲ့ပါတယ်”ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

လိပ်များကို ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်နေပါက လိပ်အမျိုးအစားများမှာ လာမည့် နှစ်ပေါင်း ၂၀ နှင့် နှစ်ပေါင်း ၅၀ ကြားမှာ လုံးဝ မျိုးရိုးပြုန်းတီးသွားနိုင်သည်ဟု လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် ဒေါ်ကလျာက ပြောသည်။

“အခုတွေ့လိုက်တဲ့ ဈေးထဲမှာရောင်းနေကြတဲ့ လိပ်ကလေး အရွယ်ဆိုရင် နှစ်ပေါင်း ၂၅ နှစ်နဲ့ နှစ် ၃၀ လောက်ကြာပါတယ်။ အဲလိုမျိုးအရွယ်ရောက်ပြီးသားလိပ်တွေကို စားနေကြမယ်ဆိုရင်တော့ အဲ့ဒီအရွယ်ရောက်လာဖို့အတွက် အရမ်းခက်ခဲ သွားမယ်။ နိုင်ငံခြားတင်ပို့တာတွေ၊ စားသုံးတာတွေကို ဆက်ပြီးလုပ်နေရင်တော့ သိပ္ပံနည်းကျအရတွက်ကြည့်ရင်တော့ အနှစ် ၂၀ နဲ့ ၅၀ အတွင်းမှာမျိုးပြုန်းသွားနိုင်တယ်” ဟု ဒေါ်ကလျာက ဆိုသည်။

“ရခိုင်မှာလိပ်တွေက အရမ်းရှားပါးနေပြီ။ ကိုယ့်ဒေသကထွက်တဲ့ တိရစ္ဆာန်တွေကို ဥပဒေအတိုင်းကာကွယ်ရင်တော့ အရမ်း ကောင်းပါတယ်။ သူတို့က သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပေးတာဆိုတော့လေ။ အခုအချိန်ထိတော့ မျိုးပြုန်းသွားတဲ့ အခြေအနေကို မရောက်သေးပေမယ့် လူတွေက ဒီပုံစံအတိုင်းဆက်ပြီးတော့ သတ်ဖြတ်ချက်စားနေရင်တော့ နောက်နှစ် ၂၀ နှင့် နှစ်ပေါင်း ၅၀ ကြားမှာ လုံးဝမျိုးပြုန်းသွားနိုင်တယ်” ၎င်းကဆက်ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အမိန့်ကြေငြာစာအမှတ်- ၆၉၀/၂၀၂၀ အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇)မျိုး၊ သာမန်ကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန် (၉၁၄)မျိုးရှိပြီး လိပ်များမှာ လုံးဝကာကွယ်ထားသည့်တိရစ္ဆာန်များထဲတွင် ပါဝင်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိချမှတ်နိုင်ကြောင်း သိရသည်။

သာမန်ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ကို ဖမ်းဆီးသတ်ဖြတ်ပါက အများဆုံးထောင်ဒဏ်ငါးနှစ်ဖြစ်စေ၊ ငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေချမှတ်နိုင်ကြောင်း၊ ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက ကျပ်ခုနှစ်သောင်းမှ အများဆုံး ကျပ်နှစ်သိန်းအထိ ဒဏ်ကြေးငွေပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။