စစ်ကောင်စီကို အာဆီယံဥက္ကဌမှ လက်ခံတွေ့ဆုံနေခြင်းမှာ နိုင်ငံတကာအတွက် အချည်းအနှီးသာဖြစ်ကြောင်း မြန်မာ့အရေးလှုပ်ရှားသူများဝေဖန်

မြန်မာစစ်ကောင်စီကို အာဆီယံဥက္ကဌအသစ်ဖြစ်သူမှ လက်ခံတွေ့ဆုံနေခြင်းမှာ နိုင်ငံတကာအတွက် အချည်းအနှီးသာဖြစ်နေကြောင်း မြန်မာ့အရေးလှုပ်ရှားသူအများစုက ဝေဖန်ပြောဆိုလိုက်သည်။

08 Dec 2021

DMG ၊ ဒီဇင်ဘာ ၈

မြန်မာစစ်ကောင်စီကို အာဆီယံဥက္ကဌအသစ်ဖြစ်သူမှ လက်ခံတွေ့ဆုံနေခြင်းမှာ နိုင်ငံတကာအတွက် အချည်းအနှီးသာဖြစ်နေကြောင်း မြန်မာ့အရေးလှုပ်ရှားသူအများစုက ဝေဖန်ပြောဆိုလိုက်သည်။

အာဆီယံ ဥက္ကဌ အသစ်ဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ်မှ ဒီဇင်ဘာ ၆ ရက်တွင် မိမိအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသလို မြန်မာအာဏာပိုင်များကိုလည်း အာဆီယံအစည်းအဝေးများသို့ ဖိတ်ခေါ်သင့်ကြောင်း ရိုက်တာသတင်းတစ်ရပ်ကို ပြောဆိုထားသည်။

အာဆီယံ ဥက္ကဌ တာဝန်ယူမည့် ၂၀၂၂ ခုနှစ်မှစပြီး အာဆီယံနိုင်ငံရေးကိစ္စများတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ အားလုံးပါဝင်စေရမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက် တရုတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲတစ်ခုတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ယင်းကဲ့သို့ မှတ်ချက်ပြုပြောဆိုမှုရှိခဲ့သည်။

အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်လာမည့် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် မိမိသဘောသာ ပြောဆိုမှုဖြစ်ပြီး ယခုလို သံတမန်နည်းဖြင့် အစွမ်းကုန်ကြိုးစားနေပေမဲ့ နွေဦးတော်လှန်ရေး ရဲဘော်များအနေဖြင့် ကုလသမဂ္ဂအပါအဝင် အာဆီယံကို အားကိုးအားထားခြင်းမရှိတော့ကြောင်း ကျောင်းသားသမ္မဂများအဖွဲ့ (ယာယီ) တာဝန်ခံက မှတ်ချက်ပြုပြောဆိုသည်။

"ကမ္ဘောဒီယား စဖေါက်လာတယ်။ ကျန်တာကတော့ စစ်ကောင်စီကို ဝိုင်းဖယ်ထားတဲ့သဘော။ ဒါက သံတမန်နည်း အစွမ်းကုန်သုံးတယ်လို့ပဲမြင်တယ်။ အခုက နွေဦးတော်လှန်ရေးရဲဘော်တွေ အာဆီယံ ကုလ အားကိုးထားပုံ မပေါ်ဘူး ဖိတ်လည်း တော်လှန်ရေး အားကောင်းဖို့ပဲရှိတယ်။" ဟု ပြောသည်။

အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများအနက် စင်ကာပူနိုင်ငံသို့ အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ရာမှာလည်း စီးပွားအရသာ မြန်မာ့အရေးကို အနောက်နိုင်ငံများနှင့် ပြေလည်ရန်ဖြစ်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အနေဖြင့် တိုက်ပွဲဝင်ပြင်ဆင်ကာ တော်လှန်ရေးအရှိန်မြင့်တင်ရန်သာ ရှိတော့ကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ (ယာယီ) တာဝန်ခံက ထပ်မံပြောဆိုသည်။

ထို့အပြင် အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စစ်ကောင်စီအပေါ် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယူဆနေပြီး မြန်မာစစ်တပ်မအာဏာသိမ်းယူခဲ့ချိန် အစပိုင်းမှာလည်း အာဆီယံအနေဖြင့် မျက်နှာပျက်မှုနှင့် ရင်ဆိုင်ခဲ့ရတာကြောင့် ကိုယ်ထင်သလိုမျိုး လုပ်ဆောင်ရန်မရနိုင်ကြောင်း ၂၀၀၇ ရွှေဝါရောင်သံဃာ့ကွန်ယက် အဖွဲ့ဝင် ကိုညီညီလွင် (အရှင်ဂမ္ဗီရ)က ဆိုသည်။

"ဒါက ဟွန်ဆန်အပေါ်မှာ မူတည်တယ်။ ဟွန်ဆန်က အခု အာဆီယံဥက္ကဋ္ဌဖြစ်နေတယ်။ သူထင်တာက သူ့အနေနဲ့ စစ်ကောင်စီကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်ထားပုံရတယ်။ ဒါပေမယ့် အာဆီယံအနေနဲ့ကလည်း သူတို့ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။ အာဏာသိမ်းခံရခါစ ကာလတုန်းကတည်းက အာဆီယံက သူတို့ နည်းနဲ့သူတို့ ကြိုးစားကြည့်ခဲ့တာပဲ။ နောက်ဆုံးမှာ မျက်နှာပျက်ရတာပဲ အဖတ်တင်ခဲ့တယ်။ ဒီတော့ အာဆီယံအနေနဲ့ ငါတကောကောပြီး လုပ်လို့တော့ မရနိုင်ပါဘူး" ဟု ကိုညီညီလွင်(အရှင်ဂမ္ဗီရ)က ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံနိုင်ငံများသို့ လာရောက်ရန်ရှိသည့်အတွက် မြန်မာ့အရေးနှင့် ပက်သက်ပြီး စောင့်ကြည်ရမှာဖြစ်ကြောင်း ၎င်းကထပ်မံဆိုသည်။

အာဆီယံအလှည့်ကျ ဥက္ကဌ ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီလာရောက်မှာဖြစ်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေဆုံဖို့ရှိကာ ပူးဆောင်ရွက်သွားရန် ရှိနေကြောင်း အာဆီယံအဖွဲ့က ကာလရှည်ကြာ ကျင့်သုံးလာခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေး မူဝါဒကိုကိုးကားပြီး “အာဆီယံ ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ထုတ်ပယ်ခွင့်မရှိပါဘူး” ဟု ရိုက်တာသတင်းတစ်ရပ်ကို ပြောထားသည်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှာ မနေ့ ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ကာ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။