- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
- နပခကို သိမ်းပိုက်ရန် AA အရှိန်မြှင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းနေ
နပခကို သိမ်းပိုက်ရန် AA အရှိန်မြှင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းနေ
" အခုက မြို့ပေါ်နေရာတွေမှာတောင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်။ ညဆိုရင်လည်း မအိပ်ရဘူး။ နေ့ရော၊ ညပါ နှစ်ဖက်စလုံးက ပစ်နေတယ်" ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
29 Oct 2024
DMG ၊ အောက်တိုဘာ ၂၉
ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အကြီးဆုံးစစ်တိုင်းဌာနချုပ်တစ်ခုဖြစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်အဟုန်မြှင့်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီဘက်ကလည်း စစ်ရေးဗျူဟာအရနှင့် ဂုဏ်သိက္ခာပိုင်းအရ အရေးပါသည့် တိုင်းစစ်ဌာနချုပ်မကျရှုံးရေး လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန် ခုခံတိုက်ခိုက်လျက်ရှိသည်။
" ဒီနေ့မှာတော့ ခမရ ၃၇၂၊ ၃၇၁ တပ်ရင်းတွေမှာ ပိုပြီး ပြင်းထန်နေတယ်လို့ ကြားရတယ်။ လေယာဉ်တွေနဲ့ လာပြီး ပစ်တာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေလည်းရှိတယ်။ တိုက်ပွဲက နေ့တိုင်းဆိုသလို ဖြစ်နေတာပါ" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ခမရ ၃၇၂၊ ၃၇၁ တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)တို့ကို အာရက္ခတပ်တော်က တိုက်ခိုက်နေခြင်းပြီး စစ်တိုင်းဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေခြင်းဖြစ်သည်။
ယနေ့ အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် လူအင်အား၊ ရိက္ခာဖြည့်ရန်အတွက် လေဆိပ်အနီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
"ကျမတို့မှာ ဗုံးခိုကျင်းဆိုပြီးတော့လည်း မရှိဘူး။ မြို့ကနေ ထွက်မယ်ဆိုရင်လည်း ထွက်လို့မရတော့ဘူး။ အခုက မြို့ပေါ်နေရာတွေမှာတောင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်။ ညဆိုရင်လည်း မအိပ်ရဘူး။ နေ့ရောညပါ နှစ်ဖက်စလုံးက ပစ်နေတယ်" ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နပခကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားနေပြီး စစ်ကောင်စီဘက်က မြို့ခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ အကာကွယ်ယူထားသလို လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီး ခုခံနေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက RFA သတင်းဌာနတွင် ဖြေကြားထားသည်။
အမ်းမြို့နယ်တွင် နပခ၊ ခမရ- ၃၇၁၊ ခမရ- ၃၇၂၊ ခမရ - ၃၇၃နှင့် ဆောက်လုပ်ရေး အင်ဂျင်နီးယားတပ် (GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်( BE) ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များရှိသည်။
AA ထိုးစစ်ကြောင့် ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ဆေးတပ်တို့မှာ တပ်ဆုတ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကျန်တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း သိရသည်။