စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို NLD လက်မခံဟုဆို

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

09 Jul 2022

၂၀၂၀ စက်တင်ဘာလက မာန်အောင်မြို့နယ် NLD ပါတီရုံးတွင် အောင်နိုင်ရေးအလံ လွှင့်ထူစဉ်

DMG ၊ ဇူလိုင် ၉

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

စစ်ကောင်စီက ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် (UEC) ကို ဖျက်သိမ်းကာ အသစ်ပြန်လည်ဖွဲ့ စည်းထားခြင်းသည် တရားဝင်မှုမရှိသဖြင့် ထိုကော်မရှင်မကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ထုတ်ပြန်ချက်ဆိုသည်။

၂၀၂၀ ခုနှစ်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲလရဒ်ကို တရားဝင်ထုတ်ဖော်ကြေညာထားပြီဖြစ်သည့် အတွက် ထိုရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံတစ်ဝှမ်း တော်လှန်မှု ပေါ်ပေါက်ခဲ့ပြီး လက်ရှိ တိုင်းပြည်အခြေအနေမှာ ဆိုးရွားသော အခြေအနေရောက်ရှိနေချိန် စစ်ကောင်စီက ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပရန်ကြံစည်နေသည်ဟု NLD ထုတ်ပြန်ချက်က ဆိုသည်။

ဂွမြို့နယ်တွင် NLD မဲဆွယ်နေပုံ / ဓာတ်ပုံ - Aung Phyo Kyaw's facebook

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလတွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူဦးရေ (၇၁)ရာခိုင်နှုန်းရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ၈၂. ၃၆ ရာခိုင်နှုန်းအနိုင်ရကာ လွှတ်တော်ကိုယ် စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။

ထိုရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ အရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဟု အသိအမှတ်ပြုကြကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

စစ်ကောင်စီက နိုင်ငံတော်သည် အရေးပေါ်အခြေအနေဟုကြေညာကာ အာဏာကိုသိမ်းယူထားပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပကာ ရွေးကောက်နိုင်ပါတီကို အာဏာလွှဲပြောင်းပေးသွားမည်ဟု ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းကာ အချိုးကျ PR စနစ်ကို ကျင့်သုံးပြီး ၂၀၂၃ ခုနှစ် သြဂုတ်တွင် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်လျက်ရှိသည်။