- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြား စစ်ကောင်စီ သင်တန်းကျောင်းက လက်နက်ကြီးပစ်ခတ်နေ
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးရှိ စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉)က အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများကပြောသည်။
20 Oct 2023
DMG ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးရှိ စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉)က အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများကပြောသည်။
အဆိုပါ စစ်ကောင်စီတပ်က တစ်ပတ်အကြာ စစ်ရေးလေ့ကျင့်ရန်နှင့် လက်နက်များ ပစ်ခတ်မည်ဟုဆိုကာ အနီးအနား ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးထားပြီး ဒေသခံများအနေဖြင့် ယင်းနေရာတဝိုက်ကို သွားလာခြင်းမလုပ်ရန် အသိပေးထားကြောင်း ကမ်းနီကျေးရွာ ရပ်မိ၊ရပ်ဖတစ်ဦးက DMG ကို ပြောသည်။
“အဲဒီ လေ့ကျင့်ရေးသင်တန်းကျောင်းက လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ဒီနေ့နဲ့ဆိုရင် ပစ်တာက ၃ ရက်ရှိပြီ။ အဲဒီအနီးအနားကို ဒေသခံတွေကို မသွားလာကြဖို့ အသိပေးထားတာရှိပါတယ်။ ညအချိန်တွေမှာလည်းပစ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က တိုင်းဗဟို(၉) စစ်ကောင်စီတန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခတ်မှုကြောင့် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
ယခုတွင် ဒေသခံများကို အသိပေးထားသည်ဆိုသော်လည်း နေ့ညမရွေး ပစ်ခတ်သံများကိုကြားရသဖြင့် ဒေသခံများမှာ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း တိုင်းဗဟို (၉) နှင့် ၅ ဖာလုံလောက်သာ ကွာဝေးသည့် ချဲကျေးရွာသားတစ်ဦးကပြောသည်။
“ကျနော်တို့က အရင်တိုက်ပွဲဖြစ်တုန်းကလည်း ပေါက်တော၊ မြေပုံဖက်တွေကို ထွက်ပြေးခဲ့ရတယ်။ ရွာထဲကို လက်နက်ကြီးတွေကျပြီးတော့ လူသေဆုံးမှုတွေရှိခဲ့တယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်မိတယ်။ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု သူကပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
စစ်ကောင်တပ်နှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ကာ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် တကျော့ပြန်တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။
အပစ်ရပ်ကာလတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေခြင်းမှာ ပြည်သူကို ထိတ်လန့်အောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက ပြောသည်။
“အပစ်အခတ်ရပ်စဲထားချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်တာကတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုရှိတယ်။ စစ်ကောင်စီအနေနဲ့ ဒီအချိန်ကာလမှာ ဒီလိုမျိုးမလုပ်သင့်ဘူး။ တစ်ဖက်မှာလည်း အပစ်အခတ် ရပ်စဲထားတယ်ဆိုတာက နှစ်ဖက်နားလည်မှုနဲ့ ရပ်စဲထားတာ။ နိုင်ငံရေးလမ်းကြောင်းနဲ့ ရပ်စဲထားတာ မဟုတ်တဲ့အတွက် တိုက်ပွဲကတော့ အချိန်မရွေးဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက တောင်ကုတ်မြို့နယ်၊ သရဂူကျေးရွာဘက်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ် လှုပ်ရှားမှုအပေါ်မူတည်ပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားသည်။