ရသေ့တောင်-မိုးစဲကျွန်း ကားလမ်းကို အဆင့်မြှင့်တင်ပေးရန် ဒေသခံများလိုလား

စစ်တွေနှင့် ရသေ့တောင်သို့ အဓိကဆက်သွယ်ထားသည့် ရသေ့တောင်-မိုးစဲကျွန်းကားလမ်းမှာ နှစ်စဉ်ပြုပြင်မှု ရှိသော်လည်း ခိုင်မာမှုမရှိဘဲပျက်စီးနေသည့်အတွက် သွားလာရာတွင်အန္တရာယ်ရှိနေသည်ဟု ဒေသခံများကပြောသည်။

29 Apr 2022

DMG ၊ ဧပြီ ၃၀

စစ်တွေနှင့် ရသေ့တောင်သို့ အဓိကဆက်သွယ်ထားသည့် ရသေ့တောင်-မိုးစဲကျွန်းကားလမ်းမှာ နှစ်စဉ်ပြုပြင်မှု ရှိသော်လည်း ခိုင်မာမှုမရှိဘဲပျက်စီးနေသည့်အတွက် သွားလာရာတွင်အန္တရာယ်ရှိနေသည်ဟု ဒေသခံများကပြောသည်။

ထိုလမ်းကို ဗြိတိသျှခေတ်ကာလက စတင်ဖောက်လုပ်ခဲ့ပြီး ယနေ့အချိန်ထိ ခေတ်အဆက်ဆက်အစိုးရတို့က ပြုပြင်ခဲ့သော်လည်း ကျောက်ကြမ်းလမ်းအဆင့်သာရှိသေးပြီး ခရီးသွားများအတွက် အန္တရာယ်ရှိသဖြင့် ကွန်ကရစ်လမ်း(သို့မဟုတ်)ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ဒေသခံတို့ကတောင်းဆိုကြသည်။

လက်ရှိထိုလမ်း၌ခင်းထားသည့် ကျောက်များမှာ ချွန်ထက်နေမှုကြောင့် ခက်ခဲကြမ်းတမ်းစွာသွားလာနေကြရကာ ကျန်းမာရေးချို့တဲ့သူများသွားလာရာတွင် အန္တရာယ်ရှိနေသည်ဟု ဒေသခံများကဆိုသည်။

“လမ်းကကြမ်းတမ်းပြီး ကျောက်ချွန်ထက်တွေနဲ့ဆိုတော့ ကားဘီးတွေ၊ဆိုင်ကယ်ဘီးတွေ ပေါက်တက်တယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ ဆေးရုံသွားတဲ့အခါ လမ်းကအရမ်းဆိုးတော့ အရေးပေါ်နေမကောင်းတဲ့ သူတွေဆို အသက်အန္တရာယ်အထိစိုးရိမ်ရတယ်။

အဲဒီလမ်းကို တတ်နိုင်ရင် ကတ္တရာလမ်းဖြစ်ဖြစ်၊ ကျောက်ချောလမ်းဖြစ်ဖြစ် ပြင်ပေးနိုင်ရင်ကောင်းမယ်”ဟု ကပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က DMG သို့ ပြောသည်။

မိုးစဲကျွန်းမှထွက်ရှိသည့်သီးနှံများကိုလည်း အဆိုပါလမ်းမှတင်ပို့ကြပြီး စစ်တွေမြို့ ကုန်စည်ဖွံ့ဖြိုးရေးအတွက် အရေးပါသောလမ်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

အဆိုပါလမ်းကို ခေတ်အဆက်ဆက်အစိုးရတို့ကပြုပြင်ခဲ့ကြသော်လည်း လုပ်ဆောင်မှု စနစ်မကျမှုများကြောင့် အချိန်တိုအတွင်း ပြန်လည်ပျက်စီးနေရသည့်အတွက် ကွန်ကရစ်လမ်းအဖြစ် ပြုပြင်သင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က DMG သို့ပြောသည်။

“ဒီလမ်းဟာ အင်္ဂလိပ်ခေတ်ကတည်းက တကယ်အချက်အချာကျတဲ့လမ်းဖြစ်တယ်။ ခေတ်အဆက်ဆက်က ပြုပြင်ခဲ့ကြတယ်။ သို့သော်လည်း လမ်းကိုပြုပြင်တဲ့အခါ စနစ်မကျခဲ့ကြဘူး။ လမ်းကိုပြုပြင်တယ်။ မကြာဘူး ပြန်ပျက်စီးသွားတယ်။ ဆိုတော့ လမ်းကိုကွန်ကရစ်လမ်း လုပ်သင့်တယ်။ အဲဒီလမ်းက စစ်တွေမြို့ ကုန်စည်ဖွံဖြိုးဖို့အတွက် အရေးပါတယ်။ မိုးစဲကျွန်းက ပုစွန်၊ စပါး၊ ပဲ၊ ကြက်သွန်တွေထွက်တယ်”ဟု ဦးခင်မောင်လတ်က ဆိုသည်။

မိုးစဲကျွန်းတွင်နေထိုင်ကြသည့် ကျေးရွာသားများအနေဖြင့် ကျန်းမာရေးကိစ္စကြောင့် ဦးဂါ၊ ကူတောင်စသည့် တိုက်နယ်ဆေးရုံများသို့ သွားရောက်ရာတွင်လည်း လမ်းကြမ်းတမ်းသည့်အတွက် သွားလာရေးအဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းလည်း ဦးဂါကျေးရွာသား ကိုမောင်မြတ်အောင်က DMG သို့ ပြောသည်။

“လမ်းကကြမ်းတော့ ဆိုင်ကယ်မှောက်မလိုတောင် ဖြစ်တတ်လို့ သတိနဲ့မောင်းရတယ်။ တိုက်နယ်ဆေးရုံ နှစ်ခုလုံးက အဲဒီလမ်းမပေါ်မှာပဲရှိနေတော့ ကျန်းမာရေးအတွက်သွားလာရရင် အခက်အခဲတွေရှိတယ်။ လမ်းကို ပြုပြင်ပေးမယ်ဆိုရင်လည်း ဟန်ပြသက်သက်မဟုတ်ဘဲ သေချာစနစ်တကျ ခိုင်မာအောင်ပြင်ပေးစေချင်တယ်”ဟု ကိုမောင်မြတ်အောင်က ပြောသည်။

အဆိုပါ မိုးစဲကျွန်းကားလမ်းအား အဆင့်မြှင့်တင်ပေးရန် ဒေသခံများတောင်းဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လမ်း၊တံတားဦးစီးဌာန တာဝန်ရှိသူတို့ထံသို့ DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါလမ်းနှင့်ပတ်သက်ပြီး တစုံတရာမသိရသေးကြောင်းပြောသည်။

ပြည်နယ်လမ်း၊တံတားဦးစီးဌာန(မြို့ပြ)အရာရှိ ဒေါ်မေအေးအောင် “ရသေ့တောင် မိုးစဲကျွန်းလမ်းက လမ်းဦးစီးက လုပ်တာမဟုတ်ဘူး။ (ကျွန်မ)တို့ဦးစီးဌာနကလုပ်တဲ့အထဲမှ ရသေ့တောင်-မိုးစဲကျွန်းလမ်း မရှိဘူး။ အဲဒါ ကျေးလက်(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)နဲ့ ဆိုင်မယ်ထင်တယ်။ ရသေ့တောင်-ဘူးသီးတောင် လမ်းကိုပဲသိတယ်။ မိုးစဲကျွန်းတော့မသိဘူး”ဟု DMG ကို ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသို့ DMG မှ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါလမ်းသည် ၁၀ မိုင်ခန့် ရှည်လျားပြီး မိုးစဲကျွန်းမှ ရွာပေါင်း ၃၀ ခန့်က စစ်တွေသို့ လူမှုရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကိစ္စများအတွက် မှီခိုအားထားနေရသည့်လမ်းဖြစ်သည်။