ရခိုင်ရှိ နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RBANCA)အဖွဲ့မှ သိရသည်။

02 Mar 2022

DMG ၊ မတ် ၂

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RBANCA)အဖွဲ့မှ သိရသည်။

ထိုသို့သတ်မှတ်ကြောင်း အမိန့်‌ကြော်ငြာစာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကပေးပို့ခဲ့ရာ မိမိတို့ထံသို့ မတ်လ ၁ ရက်နေ့တွင်ရောက်ရှိလာကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ကိုရန်နောင်စိုးက DMG သို့ပြောသည်။

“အခုလိုမျိုးဖြစ်လာဖို့အတွက် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက သစ်တောဦးစီးဌာနနဲ့ပူးပေါင်းပြီး လုပ်ကိုင်လာခဲ့တာပါ။ ဒီကြားထဲမှာ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အခုလိုကြန့်ကြာသွားရတာပါ”ဟု သူကဆိုသည်။

လက်ရှိသတ်မှတ်ထားသည့် အဏ္ဏဝါအမျိုးသားဥယျာဉ်ဧရိယာတွင် ကုန်းမြေဧရိယာ ၃၁၅၀ ဒဿမ ၅၈ ဧကနှင့် ရေပြင်ဧရိယာ ၁၉၈၄၈ ဒဿမ ၄၂ ဧကရှိကာ ဧရိယာစုစုပေါင်း ၂၂၉၇၉ ဧကရှိကြောင်းနှင့် ယခုကဲ့သို့သတ်မှတ်လိုက်ခြင်းကြောင့် ထိန်းသိမ်းမှုများကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်‌ကြောင်း ကိုရန်နောင်စိုးက ဆက်ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က “အဏ္ဏဝါအမျိုးသားဥယျာဉ် တည်ဆောက်နိုင်ပြီဆိုရင် လူတွေကြောင့်ပျက်စီးနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ပြန်ကောင်းလာမယ်။ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် နေရာပြန်ရလာမယ်။ ဒါတွေ ပြန်ကောင်းလာတာနဲ့အမျှ လူတွေအတွက်စားနပ်ရိက္ခာတွေ ဖူလုံလာနိုင်မှာပါ”ဟု ဆိုသည်။

နံ့သာကျွန်းသည် ဆောင်းခိုငှက်များနှင့် ကမ္ဘာ့ရှားပါးမျိုးစိတ်ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်များ လာရောက်ကျက်စားလေ့ရှိသည့်နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်း ၎င်းကပြောသည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ(ရေဝပ်ဒေသ)ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ(ဆိုက်အမှတ်-၂၄၂၁)အဖြစ် ရမ်ဆာကွန်ဗေးရှင်းက ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်က သတ်မှတ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လန်ပိကျွန်းကို ပထမဆုံးသတ်မှတ်ထားပြီးဖြစ်ရာ ယခုနံ့သာကျွန်းသည် ဒုတိယမြောက်သတ်မှတ်ခံထားရခြင်းလည်းဖြစ်သည်။

လန်ပိကျွန်းမ ၂၀၅ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ဥယျာဉ်တစ်ခုလုံးတွင် မျိုးသုန်းတော့မည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသော အဏ္ဏဝါမျိုးစိတ်ပေါင်း ၅၀ ကျော်ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ပေးလျှက်ရှိကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။