မဲနှစ်ကြိမ်ပေးမှုဖြင့် ရန်ကုန်မှ ရခိုင်အမျိုးသမီးတစ်ဦး ‌ပြစ်ဒဏ်ချမှတ်ခံရ

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက်တွင်နေထိုင်သည့် ရခိုင်အမျိုးသမီးတစ်ဦးကို ယနေ့(ဖေဖော်ဝါရီလ ၂၁ ရက်)တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ငွေဒဏ်တစ်သိန်းကျပ်ချမှတ်လိုက်သည်ဟု ကာယကံရှင်ထံမှသိရသည်။

21 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၁

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက်တွင်နေထိုင်သည့် ရခိုင်အမျိုးသမီးတစ်ဦးကို ယနေ့(ဖေဖော်ဝါရီလ ၂၁ ရက်)တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ငွေဒဏ်တစ်သိန်းကျပ်ချမှတ်လိုက်သည်ဟု ကာယကံရှင်ထံမှသိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မဝင်းမေဖြစ်ပြီး သူမကို မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁(စ)ဖြင့် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ မဝင်းမေက DMG သို့ပြောသည်။

“ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဒဏ်ငွေတစ်သိန်းပေးခဲ့ရတယ်။ ကျွန်မကို မဲနှစ်ကြိမ်ပေးတယ်ဆိုပြီးတော့ တရားစွဲတာ။ ဘယ်သူကတရားလိုလုပ်ပြီးစွဲတာလည်းဆိုတာ မသိဘူး။ ကျွန်မနဲ့အတူ နောက်တစ်ယောက်ပါသေးတယ်။ မဲနှစ်ကြိမ်မှ ထည့်လို့မှမရတာ၊ ကျွန်မတို့ဘယ်လိုလုပ်ပြီးထည့်မှာလဲ။ ဒီကိစ္စကို ဘာမှမပြောချင့်တော့ပါဘူး၊ ဖြစ်ဖို့ပါတယ်လိုပဲသဘောထားလိုက်တယ်”ဟု ၎င်းကဆိုသည်။

မဝင်းမေမှာ ရွှေပြည်သာမြို့နယ်တွင် ကုန်စုံဆိုင်ရောင်းချနေသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ တရပ်ကွက်တည်းနေထိုင်သည့် ပေါက်တောမြို့နယ်မှ မနန်းစိုးခိုင်မှာလည်း မဲနှစ်ကြိမ်ပေးသည့်ဟုဆိုကာ ရွေပြည်သာမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဒဏ်ငွေတစ်သိန်းကျပ်ချမှတ်ခြင်းခံခဲ့ရကြောင်း ရခိုင်လူမှုကူညီကယ်ဆ်ရေးအသင်း(ရန်ကုန်)မှ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုစောမင်းဦးက DMG သို့ပြောသည်။

“ဒီနေ့မှာတော့ မဝင်းမေကို ဒဏ်ငွေတစ်သိန်းချမှတ်လိုက်တယ်။ အမှုဖွင့်ခံရတာကတော့ သူနဲ့အတူ မနန်းခိုင်စိုးတစ်ယောက်ပါသေးတယ်။ သူကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက တရားရုံးက ဒဏ်ငွေတစ်သိန်းချပြီးလွတ်မြောက်သွားပြီ”ဟု ၎င်းကဆိုသည်။

အလားတူ ပြီးခဲ့သည့် ရခိုင်ပြည်နယ် အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဒေါ်မစိန်ကိုလည်း(ဖေဖော်ဝါရီလ ၉ ရက်)တွင် အမ်းမြို့နယ်တရားရုံးမှ ငွေဒဏ်တစ်သိန်းကျပ် ချမှတ်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အနိုင်ရရှိခဲ့သည်။ သို့သော်လည်း အစိုးရဖွဲ့ခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချကာ မဲစာရင်းမှားသည်ဟုအကြောင်းပြချက်ဖြင့် စစ်တပ်ကအာဏာသိမ်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တစ်ကြိမ်ထက်မဲပိုပေးသူ ၂၁၆၉ ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ UEC ရွေးကောက်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောဆိုထားသည်။