ကျောက်ဖြူတွင် လေယာဉ်လက်မှတ်များကို ထွေအုပ်က ချုပ်ကိုင်ရောင်းချနေ 

ခရီးသွားလိုသူများမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံရပြီး ခွင့်ပြုမိန့်ကျသည်နှင့် တပြိုင်တည်း လေယာဉ်လက်မှတ်ကိုပါ ထုတ်ပေးခြင်းဖြစ်ကြောင်း DMG က စုံစမ်းသိရသည်။

By Admin 24 Aug 2024

ဓာတ်ပုံ - အင်တာနက်
ဓာတ်ပုံ - အင်တာနက်

DMG ၊ ဩဂုတ် ၂၄ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် လေယာဉ်လက်မှတ် အရောင်းဌာနများကို မြို့နယ်ထွေအုပ်က ချုပ်ကိုင်ထားပြီး ၎င်းတို့ကိုယ်တိုင် လက်မှတ်ရောင်းချနေသဖြင့် ခရီးသည်များမှာ အဆင်မပြေဖြစ်နေကြသည်။

ခရီးသွားလိုသူများမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံရပြီး ခွင့်ပြုမိန့်ကျသည်နှင့် တပြိုင်တည်း လေယာဉ်လက်မှတ်ကိုပါ ထုတ်ပေးခြင်းဖြစ်ကြောင်း DMG က စုံစမ်းသိရသည်။

“ရန်ကုန်ကိုသွားမယ့်သူတွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ပဲ သွားလို့ရတယ်။ ခွင့်ပြုချက်ကျပြီဆိုတာနဲ့ လေယာဉ်လက်မှတ်ကို သီးသန့်သွားဝယ်စရာ မလိုတော့ဘူး။ ငွေရှင်းလိုက်ရုံပဲ ထွေအုပ်က တစ်ခါတည်း လေယာဉ်လက်မှတ်ကို ထုတ်ပေးတယ်” ဟု ရန်ကုန်သို့ ရောက်ရှိနေသည့် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။ 

လေကြောင်းခရီးစဉ်များကို ကျောက်ဖြူထွေအုပ်က ချုပ်ကိုင်ထားသည်မှာ သုံးလခန့်ရှိလာပြီလည်း ဖြစ်သည်။ ထိုသို့ ချုပ်ကိုင်ထားမှုကြောင့် ကျန်းမာရေးကိစ္စဖြင့် အရေးပေါ်သွားလိုသူများအတွက် အခက်အခဲများ ရှိနေကြသည်။

“ခရီးသည်တွေမှာက ရွေးချယ်စရာ မရှိဘူး။ ထွေအုပ်ကပဲ ထိန်းချုပ်ပြီးရောင်းနေတာဆိုတော့ သူတို့နဲ့ရင်းနှီးသူတွေ၊ ပိုက်ဆံပိုပေးနိုင်တဲ့လူတွေကပဲ လေယာဉ်လက်မှတ်အရင်ရပြီး၊ ဘာမှအဆက်အသွယ်မရှိတဲ့ လူတွေနဲ့ ကျန်းမာရေးကိစ္စကြောင့် အရေးပေါ်သွားရမယ့် လူတွေအတွက်ကတော့ ခက်ခဲသွားတာပေါ့” ဟု ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။  

လက်ရှိတွင် မြန်မာ့လေကြောင်း၊ မင်္ဂလာလေကြောင်းလိုင်းတို့က ရန်ကုန် - ကျောက်ဖြူ ခရီးစဉ်ကို ပြေးဆွဲနေပြီး လက်မှတ်တစ်စောင်လျှင် ငွေကျပ်လေးသိန်း(၄၀၀,၀၀၀)မှ လေးသိန်းခွဲ(၄၅၀,၀၀၀)ဝန်းကျင် ပေါက်ဈေးရှိနေသည်။

သို့သော်လည်း ခရီးသည်တချို့မှာ ငွေကျပ်ငါးသိန်းနှင့်အထက် ကုန်ကျမှုရှိနေပြီး ခွင့်ပြုမိန်ရရန်လည်း ၅ ရက် ထက်မနည်း စောင့်ဆိုင်းရသဖြင့် ထွေအုပ်ဌာန၏ လုပ်ဆောင်မှုအပေါ် မကျေနပ်ကြပေ။

ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးက “ထွေအုပ်နဲ့ လေယာဉ်လက်မှတ်နဲ့က ဘာမှမဆိုင်ဘူးလေ။ မြို့ကထွက်ခွာဖို့ အတွက် ထွေအုပ်ကို စာတင်ရတာကတော့ လက်ခံလို့ရတယ်။ ဒါပေမဲ့ လက်မှတ်ရောင်းချတာက သူတို့အလုပ် မဟုတ်ဘူး။ ဆိုတော့ ထွေအုပ်ဌာနက အေးဂျင့် (အရောင်းကိုယ်စားလှယ်) ရချင်လို့ ဒီလိုလုပ်နေတာလား။ ဒါမှမဟုတ် ပိုက်ဆံလိုချင်လို့ ဒီလိုထိန်းချုပ်တာလားဆိုပြီး မေးရမလို ဖြစ်နေပြီ” ဟု ပြောသည်။

ခရီးသွားများကို လေယာဉ်လက်မှတ် ရောင်းချနေမှုနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်ကို DMG က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

ရခိုင်ပြည်မှ လေကြောင်းခရီးသည်များကို စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူလေဆိပ်တို့မှ အဓိက ပျံသန်းပို့ဆောင်ခဲ့ပြီး လက်ရှိတွင် သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ ထိတွေ့တိုက်ပွဲများနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေကြသည်။