ပြည်သူအားလုံး လွတ်လပ်စွာမဲပေးနိုင်ရန် ဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

ဟန်ပြလုပ်သည့် ရွေးကောက်ပွဲအပေါ် လွတ်လပ်ခြင်းဆိုသည့်ခေါင်းစဉ်နှင့် ပြည်သူများပါဝင်လာအောင် စည်းရုံးခြင်းဟု ရခိုင်က နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

By Admin 24 Jan 2023

ပြည်သူအားလုံး လွတ်လပ်စွာမဲပေးနိုင်ရန် ဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်က မဲရုံမြင်ကွင်း။ 

DMG ၊ ဇန်နဝါရီ ၂၄

စစ်ကောင်စီကကျင်းပမည် ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု မရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲဥပဒေနှင့်ပတ်သက်သည့် အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သော အခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံးအကြား အလပ်မရှိ မဲပေးနိုင်ရန်လိုကြောင်း”ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘဲ လွတ်လပ်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် ပြည်သူများ ရွေးကောက်ပွဲတွင်ပါဝင်လာအောင် စည်းရုံးခြင်းဖြစ်ကြောင်း ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက ဝေဖန်သည်။

“ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် မဲပေးသည်ဖြစ်စေ ရွေးကောက်ပွဲဟာ တဖက်သတ်ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ နိုင်ငံတကာကရော၊ ပြည်တွင်းမှာပါ သုံးသပ်မှုတွေရှိနေတဲ့အတွက် ဒီကိစ္စကတော့ ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေကို လွတ်လပ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပါဝင်လာအောင် စည်းရုံးရေးလုပ်တာလို့ပဲ မြင်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြေပြင်တွင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလဆန်းပိုင်းမှ စတင်လုပ်ဆောင်နေသည်။

သို့သော် အချို့ပြည်နယ်များတွင် စစ်ကောက်စီက လူဦးရေစာရင်းကောက်ယူနေသည့် အဖွဲ့များ တိုက်ခိုက်ခံရပြီး ရဲနှင့် အုပ်ချုပ်ရေးမှူးများ သေဆုံးမှုများရှိကာ ဖမ်းဆီးခံရသူများလည်း ရှိနေသည်။

ရခိုင်တွင်လည်း စစ်ကောင်စီကျင်းပမည် ရွေးကောက်ပွဲအပေါ် ပြည်သူများအကြား အယုံအကြည်မရှိကြောင်း ပြောဆိုနေကြသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က စိတ်ဝင်စားမှု မရှိဘူး။ သိပ်လည်း သိပ်ယုံကြည်မှုမရှိဘူး။ ကျနော်တို့ စစ်ဘေးရှောင်စခန်းက လူဦးရေစာရင်းတွေကိုတော့ ကောက်သွားပြီ။ အဓိက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူဦးရေစာရင်းကောက်တာဖြစ်တယ်”ဟု စစ်တွေမြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(Frirst Past the Post–FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအပါအဝင် ကြားဖြတ် ရွေးကောက်ပွဲတို့တွင် အနိုင်ရအကုန်ယူစနစ်(FPTP)စနစ်ကို ကျင့်သုံးခဲ့သည်။

#R007

ဗီဒီယိုများ